ပုလော ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးဒဏ်ရာရ

0
3588

ပုလောမြို့နယ်၊ မင်းထိန်၊ တပို၊ တန်းရှင်း စသည့်ကျေးရွာများအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တို့အကြား ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ဆင်းလာသည့် စစ်ကောင်စီ ယာဉ် တန်းအား မင်းထိန်ကျေးရွာအနီး ကျောက်ပုဇွန်တောင်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခွဲခန့်တွင်လည်း ကဒဲကျေးရွာအနီး တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ (ပုလော) က ထုတ်ပြန်သည်။

ယင်းနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

“တပို တောင်ပေါ်ကနေပြီးတော့လည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ခဲ့သေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တပိုကျေးရွာနေ အမျိုးသားတစ်ဦး လက်နက်ကြီးအပိုင်းအစ (သို့မဟုတ်) သေနတ်ကျည်ဆံ သုံးချက်ထိမှန်သည့် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

“တပိုက ကောင်လေးက ဒဏ်ရာပြင်းတယ်လို့ ကြားရတယ်။ သေမလား၊ ရှင်မလားတော့ မသိရသေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း တပိုရွာနှင့် တန်းရှင်းရွာကြားရှိ နေအိမ်တစ်လုံးအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲရာ မဖြူတုံးဆိုသူအမျိုးသမီး၏ ခါးတွင် ဗုံးစထိမှန်ကာ ပုလောဆေးရုံသို့ တင်ပို့ခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ၁၀ ဝန်းကျင်ရှိခဲ့ကာ စစ်ကောင်စီဖက်က ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း ၁ (ပုလော) ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“စစ်တပ်က လမ်းတစ်လျှောက်လုံး ပစ်လာတာ။ လမ်းမတစ်လျှောက်မှာ နေသူတွေ ရွာထဲအကုန်ဝင်ပြေးကြရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Dawei Watch က မေးမြန်းချက်အရ ယင်းနေ့မွန်းလွဲက မင်းထိန်ရွာအနီး တိုက်ခိုက်ခံရပြီးနောက် စစ်သားများက အရေးပေါ်လူနာတင်ယာဉ်များ လာရောက်ရှာဖွေခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

ယင်းနေ့ နံနက် ၆ နာရီခွဲခန့်ကလည်း ထားဝယ်မှ မြိတ်သို့ဆင်းလာသည့် ၁၂ စီးပါ စစ်ယာဉ်တန်းအား ပိတောက်ကြီးနှင့် ပိတောက်ငယ်ရွာကြားတွင် ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ သေးသည်ဟုလည်း ယင်းစစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးထိမှန်ကာ လမ်းဘေးထိုးကျသွားပြီး စစ်သား နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။