ထားဝယ်တွင် အိမ်တိုင်ရာရောက် ဆိုင်ကယ်စက်ပေါ်လစ်တိုက်သည့်လုပ်ငန်း တွင်ကျယ်လာ

0
4541

ထားဝယ်မြို့တွင် ဆိုင်ကယ်ကာဗာဆေးသား ပိုမိုတောက်ပြောင်လာစေရေးအတွက် အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်ရန် အလုပ်အပ်သူများလာသဖြင့် ယင်းလုပ်ငန်းများ တွင်ကျယ်လာကြောင်း တွေ့ရသည်။

အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်သည့် ဝန်ဆောင်မှုကို ယခုနှစ်သင်္ကြန်ပြီးချိန်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထိုအချိန်က တစ်ပတ်လျှင် ၇ စီးခန့်သာ အလုပ်အပ်သူရှိကြောင်း စက်ပေါ်လစ်တိုက်နေသူ ဦးထွန်းလင်းဦးက ဆိုသည်။

ယင်းနောက် အလုပ်အပ်သူတဖြည်းဖြည်းများလာပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ၁၅ စီးခန့်အထိ တိုက်နေရကြောင်း ၎င်းက ပြောသည်။

စက်ပေါ်လစ်တိုက်ပြီးချိန်တွင် ဆိုင်ကယ်ကာဗာ ဆေးအရောင်မှိန်နေခြင်းနှင့် အစင်းရာခြစ်ရာရှိနေပါက ဆေးရောင်ပြန်လည်တောက်ပလာသည်။

စက်ဖြင့်ပေါ်လစ်မှာ ရိုးရိုးအဝတ်စဖြင့် တိုက်ခြင်းထက် ဆေးအရောင် ပိုမိုတောက်ပြောင်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းအချို့က ဆိုသည်။

 “ဆေးပြန်မှုတ်မယ့် ကုန်ကျစရိတ်နဲ့ စက်ပေါ်လစ်တိုက်မယ့် ကုန်ကျစရိတ် ကွာဟတာရယ် လူသိများလာတာရယ်ကြောင့် ခေါ်တိုက်သူ များလာတာ”ဟု ဦးထွန်းလင်းဦးက ပြောသည်။

လက်ရှိတွင် PCX ၊ Click ကဲ့သို့ ကာဗာကြီးသည့် ဆိုင်ကယ်တစ်စီး စက်ပေါ်လစ်တိုက်ပါက ဝန်ဆောင်ခအနေဖြင့် ငွေကျပ် တစ်သောင်းသတ်မှတ်ထားပြီး NCX ကဲ့သို့ ကာဗာငယ်သည့်ဆိုင်ကယ်ကိုမူ ငွေကျပ်ခုနှစ်ထောင် သတ်မှတ်ထားကြောင်း ဦးထွန်းလင်းဦးက ဆိုသည်။

လက်ရှိတွင် ဆိုင်ကယ်တစ်ပတ်ရစ် အရောင်းဆိုင်အချို့နှင့် ကိုယ်တိုင်စီးနင်းသူအချို့က အလုပ်အပ်ကြကြောင်း ၎င်းက ပြောသည်။

ယခင်က ထားဝယ်မြို့ရှိ ကားဆေးမှုတ်ရုံများနှင့် ဆိုင်ကယ်ကာဗာ ဆေးမှုတ်ရုံအချို့တွင် စက်ပေါ်လစ်တိုက်ပေးလေ့ရှိသော်လည်း အိမ်တိုင်ရာရောက် လိုက်လုပ်ပေးသည့် ဝန်ဆောင်မှုမရှိခဲ့ပေ။