ထိုင်းသို့ လူမှောင်ခိုပို့သည့်ယာဉ်များကို ထားဝယ်-ထီးခီးလမ်း အသုံးပြုခွင့်ပိတ်

0
3782
ထီးခီးနယ်စပ်တစ်နေရာ။

ထိုင်းနိုင်ငံသို့ အလုပ်သမား တရားမဝင်ပို့နေသည့် ယာဉ်များအားလုံး အောက်တိုဘာလ ၂၆ ရက်မှစပြီး ထားဝယ်-ထီးခီးလမ်းကို လုံးဝဖြတ်သန်း သွားလာခြင်းမပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ တစ်ခုက ထုတ်ပြန်လိုက်သည်။

ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးရှေးရှုကာ ယင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီလမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဖြစ်လာရင် ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ပစ်မိမှာစိုးလို့ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစကလည်း အရပ်ဝတ်တွေနဲ့ ကားနဲ့သွားနေကြတာပဲလေ။ အဲဒီလိုမျိုး မှားမှာစိုးလို့ ကြိုသတိပေးတာဖြစ်မယ်” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဒေသခံတစ်ဦးက လမ်းပိတ်မှုနှင့် ပတ်သက်ပြီး ၎င်းကြား သိထားရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။

စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားများပါ သေဆုံး၊ ဒဏ်ရာရသည့်ဖြစ်စဉ်များ ယင်းလမ်းပိုင်းတွင် ဖြစ်ပွားခဲ့ ဖူးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ် – ထီးခီးလမ်းပိုင်းအား ပိတ်ထားသည့် ပြီးခဲ့သည့် ဧပြီလ ၄ ရက်က သဗျားကျေးရွာအုပ်စု မဲချောင်းရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF အဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားစဉ် လူမှောင်ခိုပို့သည့် သရက်ချောင်းဒေသခံ ကားသမားတစ်ဦး သေနတ်ကျည်ထိမှန်သေ ဆုံးခဲ့ဖူးသည်။

ယင်းလမ်းပိုင်းအား လုံးဝဖြတ်သန်းခွင့်မပြုဟု PDF ဘက်က သတိပေးထုတ်ပြန်ထားသည့်အထဲတွင် သံတိုသံစလိုက်ဝယ်သည့် ယာဉ်များလည်း ပါဝင်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်‌ဒေသ မြို့နယ်အသီးသီးတွင် သုံးဘီးကားများဖြင့် သံတို၊ သံစလိုက်ဝယ်သူများ သိသိသာသာ များပြားလာခဲ့သည်။ သာမန်လူများ ဖြတ်သန်းသွားရန် စိုးရိမ်နေရသည့်အချိန်မျိုးတွင်ပင် သံတို၊ သံစ လိုက်ဝယ်သည့် သုံးဘီးကားများ ဖြတ်သန်းသွား‌လာနေလေ့ရှိသည်။

လူမှောင်ခိုပို့နေသည့် ယာဉ်နှင့် သံတိုသံစဝယ်သည် ယာဉ်များမှ လွဲ၍ အခြားယာဉ်များအားလုံးလည်း မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းသွားကြရန်၊ ဖြတ်သန်းသွားလာစဉ် အမိုအကာများဖြင့် ဖုံးအုပ်သွားလာခြင်း မပြုရန်၊ အရေးပေါ်ကားနှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ရန်လည်း သတိပေးထားသည်။

မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါလမ်းပိုင်းကို PDF အဖွဲ့များဘက်က မကြာခဏ ဖြတ်သန်းသွားလာခွင့် ပိတ်လေ့ရှိသည်။

ထီးခီးလမ်းသည် ထိုင်းနိုင်ငံနယ်စပ် ကန်ချနဘူရီမြို့သို့ သွားသည့်လမ်းဖြစ်ပြီး ထားဝယ်-ထိုင်း အဓိက ကုန်စည် စီးဆင်းရာ လမ်းကြောင်းလည်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် နယ်စပ်ကို အရောက်မြန်သည့် အနီးဆုံး လမ်းကြောင်းဖြစ်သော ထီးခီးလမ်းကို ပိုမိုအသုံးပြုလာကြသည်။