တနင်္သာရီတိုင်းကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဟုဆို

0
3941

စစ်တပ်ကျောထောက် နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲများ လုပ်ဆောင်နေသော်လည်း တနင်္သာရီတိုင်းတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဟု ယင်းပါတီထံမှသိရသည်။

“တိုင်းမှာကတော့ အရင်တုန်းကဖွဲ့ထားတဲ့လူအတိုင်းပဲ အပြောင်းအလဲမရှိပါဘူး” ဟု ကြံခိုင်ရေးပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်ကဆိုသည်။

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် ကြံ့ခိုင်ရေးပါတီက တတိယအကြိမ် ပါတီညီလာခံကို ယခုလပထမအပတ်တွင် ကျင်းပခဲ့ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ပြောင်းလဲခဲ့သည်။

ပါတီညီလာခံမကျင်းပမီ လွန်ခဲ့သည့် သုံးလခန့်ကတည်းက တနင်္သာရီတိုင်းတွင်လည်း တိုင်းပါတီအလုပ်အမှုဆောင်အဖွဲ့ကို မဲပေးရွေးချယ်ခဲ့ကြောင်း ပါတီဝင်ဟောင်းတစ်ဦးက ဆိုသည်။

တိုင်းအဆင့် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာ အရင်လူဟောင်းများ ပင်ဖြစ်ပြီး မြို့နယ်အဆင့်‌တွင်မူ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

မြို့နယ်ပါတီဥက္ကဋ္ဌတစ်ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့ဖူးသည့် ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ထားကြောင်း သိရသော်လည်း အသေးစိတ်ကိုမသိရပေ။

လက်ရှိ စစ်ကောင်စီကခန့်အပ်ထားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကရင်တိုင်းရင်းသာရေးရာဝန်ကြီး စောမာတင်လူသာတို့မှာ ကြံ့ခိုင်‌ရေး ပါတီဝင်များဖြစ်ကြသည်။

၎င်းတို့နှစ်ဦးစလုံးသည် ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း လက်ရှိရာထူးနှင့်ပင် တာဝန်ထမ်းဆောင်ဖူးသူများဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၎င်းတို့နှစ်ဦးစလုံး ဝင်ရောက်‌ရွေးကောက်ခံ‌ခဲ့သေးသည်။

သို့သော်လည်း တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီက တစ်နေရာပင် အနိုင်ရရှိခဲ့ခြင်း မရှိဘဲ ရာနှုန်းပြည့်ရှုံးနိမ့်ခဲ့သည်။

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး ခုနစ်လအကြာ ဩဂုတ်လ ၁ ရက်တွင် ဦးမြတ်ကို ကို စစ်ကောင်စီက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဦးမြတ်ကိုမတိုင်ခင် တိုင်းဝန်ကြီးချုပ်အဖြစ် တနင်္သာရီတိုင်း တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ကို စစ်ကောင်စီကခန့်အပ်ခဲ့ပြီး နောက်ပိုင်းတွင် အနားပေးခဲ့သည်။

ဦးမြတ်ကိုမှာ တနင်္သာရီတိုင်းကြံ့ခိုင်ရေးပါတီ၏ အတိုင်ပင်ခံတစ်ဦးဖြစ်ကြောင်း ပါတီဝင်ဟောင်းတစ်ဦးကဆိုသည်။

“အရင်တုန်းကတော့သူက( ဦးမြတ်ကိုက) အတိုင်ပင်ခံပေါ့။ အခုတော့ ဘယ်အပိုင်း တာဝန်ယူထားလဲမသိဘူး” ဟု ၎င်းကဆိုသည်။

ကြံ့ခိုင်ရေးပါတီဗဟိုထိပ်ပိုင်းခေါင်းဆောင်တို့သည် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကိုဝင်ရောက်ရန် လေသံပစ်ထားသော်လည်း တနင်္သာရီတိုင်းတွင်မူ ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်ထားခြင်းမျိုး မရှိသေးကြောင်း တိုင်းပါတီဥက္ကဋ္ဌ ဦးသန်းအောင်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် ကိုယ်စာလှယ်လောင်းအချို့ကို ပါတီကိစ္စမေးမြန်းရန် ယခင်ဆက်သွယ်နေကြဖုန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။ ဆက်သွယ်ရသူအချို့မှာလည်း ပါတီကိစ္စများ ဖြေဆိုကြခြင်းမရှိပေ။