တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3687

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ

အီရတ်ပါလီမန်က သမ္မတအသစ်ရွေးချယ်

အီရတ်ပါလီမန်ဟာ အောက်တိုဘာ ၁၃ ရက်မှာ သမ္မတအဖြစ် ကာ့ဒ်နိုင်ငံရေးသမား အက်ဗ်ဒူ လာတစ်ဖ် ရာရှစ်ဒ် (Abdul Latif Rashid) ကို ရွေးချယ်လိုက်ပြီး သမ္မတအသစ်ဟာ ချက်ချင်းပဲ မိုဟာမက်ဒ် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia Al-Sudani) ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ရွေးကောက်ပွဲကတည်းက နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရသစ်တရပ်ဖွဲ့ဖို့ မလုပ်ဆောင်နိုင်ခဲ့ကြတဲ့အပေါ် ကာ့ဒ်လူမျိုးတွေ နေရာယူထားတဲ့ သမ္မတရာထူးနေရာအတွက် ရာရှစ်ဒ်ကို မဲပေးမှုဟာ အစိုးရအသစ်ဖွဲ့ဖို့ အဓိကခြေလှမ်း ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှပညာတတ် အင်ဂျင်နီယာ ရာရှစ်ဒ်ဟာ ဒုတိယသက်တမ်းအတွက် အရွေးခံနေတဲ့ သမ္မတဟောင်း ဘာဟမ် ဆာလိကို အနိုင်ရရှိခဲ့ပြီး အီရတ်သမ္မတသစ် ဖြစ်လာတာပါ။

သူဟာ အစိုးရဖွဲ့ဖို့ ပါလီမန်အစုအဖွဲ့တစ်ခုကနေ နာမည်တင်သွင်းလာတဲ့ ဆူဒါနီကို ဖိတ်ခေါ်ခဲ့ပြီး ဆူဒါနီအနေနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ရက်ပေါင်း ၃၀ အချိန်ရပြီးတော့ အစိုးရအဖွဲ့ကို လွှတ်တော်ကိုတင်ပြပြီး အတည်ပြုချက် ရယူရမှာပါ။

Ref: Iran International

………………………………..

မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နျူကလီးယားပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုက နျူကလီးယားစစ်ဆင်ရေးအတွက် ကိုရီးယားပြည်သူ့တပ်မတော်ထံ ချပေးထားတဲ့ ခရုဇ်ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားကို

မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

စမ်းသပ်ပစ်ခတ်မှုဟာ ကီလိုမီတာ ၂,၀၀၀ (၁,၂၄၀ မိုင်) အကွာရှိ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ထိမှန်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

တိုင်းပြည်ဟာ အရေးကြီးတဲ့ စစ်ရေး အကျပ်အတည်းနဲ့ စစ်ပွဲဆိုင်ရာ အကျပ်အတည်းတွေကို အချိန်မရွေး ပြတ်ပြတ်သားသား ဟန့်တားနိုင်စေဖို့နဲ့ အဲအချိန်ရောက်ရင် လုံးဝ လက်ဦးမှုရယူနိုင်စေဖို့ ဖြစ်တယ်လို့ ကင်မ်ကပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဖော်ပြထားပါတယ်။

Ref: CNN

………………………………..

အိန္ဒိယဆေးကုမ္ပဏီတစ်ခု ထုတ်လုပ်မှုရပ်ဆိုင်း

အိန္ဒိယ အာဏာပိုင်များက မေဒန်စက်ရုံကနေ ဆေးဝါး ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ပြည်နယ်ဝန်ကြီးတစ်ဦးက အောက်တိုဘာလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေ ဒါဇင်လိုက် သေဆုံးမှုမှာ မေဒန်ဆေးဝါး ကုမ္ပဏီကထုတ်တဲ့ ချောင်းဆိုပျောက်ဆေးရည်နဲ့ ပက်သက်နေတယ်လို့ WHO ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပိတ်လိုက်တာဖြစ်ပါတယ်။

မေဒန် ထုတ်ကုန်လေးခုကို ဓာတ်ခွဲခန်းမှာ လေ့လာကြည့်ရာ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ ဒိုင်ရာတလင်း ဂလိုင်ကောနဲ့ အီတလင်း ဂလိုင်ကော ပမာဏတွေက သုံးစွဲဖို့ထက် ကျော်လွန် ပါဝင်နေတယ်လို့ WHO က ပြောကြားခဲ့တာပါ။

အာဏာပိုင်များတွေကနေ ဆိုနီပတ် မြို့အနီးမှာရှိတဲ့ မေဒန် စက်ရုံကို သွားရောက်စစ်ဆေးခဲ့ရာမှာ လိုက်နာရမယ့် သတ်မှတ်ချက် ၁၂ ခုကို ချိုးဖောက်ထားတာတွေ့တယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးတစ်ဦးက ဆိုပါတယ်။

Ref: CNN

………………………………..

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ ရွေးချယ်

တောင်အာဖရိက၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ချီလီ၊ ကော်စတာရီကာ၊ ဂျော်ဂျီယာ၊ ကာဂျစ္စတန်၊ မော်လဒိုက်၊ မော်ရိုကို၊ ရိုမေးနီးယားနဲ့ ဗီယက်နမ်တို့က ဇန်နဝါရီ ၁ ရက်၊ ၂၀၂၃ ကစပြီး ၃ နှစ်သက်တမ်းအတွက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအဖြစ် အောက်တိုဘာ ၁၁ ရက်မှာ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဂျာမနီနဲ့ ဆူဒန်တို့ ဒုတိယသက်တမ်းအတွက် ပြန်အရွေးခံရပေမဲ့ တောင်ကိုရီးယား၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်တို့ ရွေးချယ်မခံရပါဘူး။

အဖွဲ့ဝင် ၄၇ ဦးပါတဲ့ ကုလလူ့အခွင့်အရေးကောင်စီဟာ တရားဝင် စည်းနှောင်သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ပေမယ့် နိုင်ငံရေးအရ သက်ရောက်ပြီး စုံစမ်းမေးမြန်းမှုတွေကို ခွင့်ပြုပေးနိုင်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဟာ သက်တမ်း ၂ ကြိမ်ဆက်တိုက်ထက်ပိုပြီး တာဝန်ထမ်းဆောင်လို့ မရဘူးလို့ သိရပါတယ်။

Ref: Xinhua

………………………………..

လက်ဘနွန်နှင့် အစ္စရေး နှစ်နိုင်ငံရေပိုင်နက် နယ်နိမိတ် သတ်မှတ်ရေး သဘောတူ

လက်ဘနွန်နဲ့ အစ္စရေးတို့ကြား ရေပိုင်နက်နယ်နိမိတ်သတ်မှတ်ရေး သမိုင်းဝင် သဘောတူညီချက် ရယူနိုင်ခဲ့ပြီးနောက် “သံတမန်ရေးအရ အလွန်အောင်မြင်မှု” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

လာမယ့်လတွေမှာ နှစ်နိုင်ငံစလုံးကို အမေရိကန်က ဆက်ပံ့ပိုးသွားမယ်လို့ ဘလင်ကန်က ပြောပါတယ်။

“ဒါဟာ အစ္စရေးရဲ့ လုံခြုံရေးကို အားကောင်းစေမယ့် သမိုင်းဝင် အောင်မြင်မှုဖြစ်ပြီး မြောက်ပိုင်းနယ်စပ် တည်ငြိမ်မှုကို သေချာစေမယ့် သမိုင်းဝင် အောင်မြင်မှုတခုပါ” လို့ အစ္စရေးဝန်ကြီးချုပ် ယဲ လာပစ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

သဘောတူညီချက်ဟာ သဘာဝဓာတ်ငွေ့ရှာဖို့ ရည်မှန်းထားတဲ့ လက်ဘနွန်နိုင်ငံ အရှေ့ဘက် မြေထဲပင်လယ်ထဲက အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှုကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ အစ္စရေးဟာ အဲဒီနေရာအနားက လယ်ကွင်းတွေကနေ သဘာဝဓာတ်ငွေ့ကို ထုတ်နေပါတယ်။

Ref: CNN

………………………………..

စစ်ရေးအရအရေးပါတဲ့ ခရိုင်းမီးယားတံတားပေါက်ကွဲ

ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်နေ့က ရုရှားအတွက် အရေးပါလှတဲ့ ခရိုင်းမီးယားတံတား ပေါက်ကွဲခဲ့ပြီးနောက် ရုရှားနိုင်ငံသားငါးဦး၊ ယူကရိန်းနဲ့ အာမေးနီးယားနိုင်ငံသား သုံးဦးကို ဖမ်းဆီးထားတယ်လို့ ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) ကပြောကြားထားပါတယ်။

ထိုတံတား ဖောက်ခွဲမှုကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပင်မထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးနဲ့ ဒါရိုက်တာ Kyrylo Budanov တို့က စီစဉ်ခဲ့တာဖြစ်တယ်လို့ FSB က ပြောကြားခဲ့တာပါ။

ပေါက်ကွဲမှုနှင့် ပက်သက်လို့ ယူကရိန်းနိုင်ငံက တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာမျိုး မရှိပေမဲ့ အချို့ယူကရိန်း အရာရှိတွေကတော့ အဆိုပါဖေါက်ခွဲမှုကို ဂုဏ်ပြုခဲ့ကြပါတယ်။

အဆိုပါတံတားက ရုရှားစစ်ရေးလှုပ်ရှားမှုအတွက် ထောက်ပံ့ပို့ဆောင်ရေးမှာ အရေးပါလာခဲ့ကာ ယူကရိန်းတောင်ပိုင်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပို့နေတာဖြစ်ပါတယ်။

Ref: DW

………………………………..

ဩစတေးလျ မြစ်ရေကြီးမှု သတိပေးချက်ထုတ်

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူထောင်ပေါင်းများစွာကို ရေဘေးကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အောက်တိုဘာ ၁၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

နှစ်ရက်ကြာ မိုးအဆက်အပြတ်ရွာပြီးတဲ့နောက် မြစ်ရေတိုးပြီး ရေကြီးမှုတွေနဲ့ ကြုံနေရတာပါ။

မဲလ်ဘုန်းမြို့တည်ရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်ထဲက နေရာအတော်များများ၊ နယူးဆောက်ဝေးပြည်နယ်တောင်ပိုင်းနဲ့ တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အောက်တိုဘာ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုံမှန်အခြေအနေမှာ တလစာ မိုးရေချိန်နဲ့ ညီမျှတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗစ်တိုရီးယားပြည်နယ်ထဲက အဓိကမြစ်ကြီးတွေမှာ ညအချိန် ရုတ်တရက် မြစ်ရေလျှံပြီး ဒေသခံတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။

Ref: BBC

………………………………..

ဗင်နီစွဲလားတွင် မိုးကြီးမြစ်ရေလျှံမှုကြောင့် လူ ၃၆ ဦးထက်မနည်းသေဆုံး

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်ပြီး မြစ်ငယ်ငါးစင်း ရေလျှံခဲ့လို့ လူ ၃၆ ဦး ထက်မနည်း သေဆုံးကာ ၅၆ ဦး ပျောက်နေတယ်လို့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်က ပြောပါတယ်။

မြို့အနှံ့ ရွှံ့နွံကျောက်တုံးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ဦးစားပေးအနေနဲ့ ရှာဖွေခဲ့ကြပြီး တပ်မတော်နဲ့ ကယ်ဆယ်ရေးသမားတွေကလည်း အသက်ရှင်ကျန်ရစ်သူတွေကို မြစ်ကမ်းပါးတွေမှာ ရှာဖွေခဲ့ရတယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။

ရေကြီးနေတဲ့ မြစ်တွေထဲက တခုဖြစ်တဲ့ အယ်လ်ပါတိုမြစ်ကြောင့် အိမ်တွေ ဈေးဆိုင်တွေနဲ့ အိမ်အများအပြား မျောပါသွားခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ညက မိုးရွာလို့ မြို့တော် ကာရာကတ်စ်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ အကွာ တောင်တန်းတွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေ အိမ်တွေ ဆိုင်တွေ မျောပါခဲ့တာပါ။

Ref: BBC

………………………………..

ရုရှားမှ ဥရောပကိုပို့တဲ့ ရေနံပိုက်လိုင်းယိုစိမ့်မှုဖြစ်

ရုရှားကနေ ဥရောပဆီ ရေနံစိမ်းတွေပို့တဲ့ ဒရူရှ်ဘာ (Druzhba) ပိုက်လိုင်းမှာ ရေနံစိမ်းတွေ ယိုစိမ့်နေတာ တွေ့အပြီး ရေနံ အလုံအလောက် ရနေသေးတယ်လို့ ဂျာမနီအစိုးရက အောက်တိုဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ရေနံယိုစိမ့်တာဟာ အဖျက်လုပ်ရပ်ကြောင့်ထက်စာရင် မတော်တဆ ဖြစ်နိုင်တယ်လို့ ပိုလန်အစိုးရက ပြောပါတယ်။

ဂျာမနီနိုင်ငံဆီ ရေနံတင်ဆောင်တဲ့ အဓိကလမ်းကြောင်းမှာ ရေနံယိုစိမ့်နေတာကို အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာ တွေ့ခဲ့တယ်လို့ လုပ်ငန်းလည်ပတ်သူ PERN က ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ဓာတ်ငွေ့တင်ပို့မှု ဖြတ်တောက်ပြီးချိန် ဥရောပမှာ စွမ်းအင်ဖူလုံရေးအတွက် တပ်လှန့်ထားရပါတယ်။

Ref: DW

………………………………..

မက္ကဆီကိုတွင် ကျောင်းသား ၅၀ ကျော် အဆိပ်သင့်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ချီအာပတ် ပြည်နယ်မှာ ရှိတဲ့ ကျေးလက် အလယ်တန်း ကျောင်းတစ်ကျောင်းမှာ အမည်မသိရတဲ့ ဓာတုပစ္စည်းတစ်ခုကြောင့် ကျောင်းသား ၅၇ ဦး အဆိပ်သင့်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ချီအာပတ် ပြည်နယ်မှာရှိတဲ့ ကျောင်းတွေမှာ နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တတိယအကြိမ် အဆိပ်သင့်မှုဖြစ်တယ်လို့ သိရပါတယ်။

စိုးရိမ်ဖွယ်အခြေအနေရှိတဲ့ ကျောင်းသားတစ်ဦးကိုတော့ မက္ကဆီကို မြို့တော်ရှိ ဆေးရုံတစ်ခုကို လွှဲပြောင်းပေးခဲ့ရပြီး ကျန်ကျောင်းသားတွေရဲ့ အခြေအနေတွေ မစိုးရိမ်ရကြောင်းဆိုပါတယ်။

ကျောင်းသားတွေက ညစ်ညမ်းတဲ့ရေ ဒါမှမဟုတ် အစားအစာတွေကို စားသုံးမိရာကနေ အဆိပ်သင့်တယ်လို့ မိဘတစ်ချို့က ယုံကြည်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

Ref: India Today

………………………………..