တရားဝင်အလုပ်လုပ်ခွင့်ကတ်လျှောက်ရာတွင် ထိုင်းရောက်မြန်မာလုပ်သားများ ငွေလိမ်ခံရ

0
3933
စမူစခွန်ခရိုင်ရှိ အလုပ်သမားတစ်ဦး၏ ပန်းရောင်ကတ် (Bangkok Post)

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ်ဟုခေါ်သည့် တရားဝင်နေထိုင် အလုပ် လုပ်ခွင့်ကတ်ကို ပွဲစားဖြင့်လျှောက်ထားရာတွင် ငွေကြေးလိမ်လည်ခံရမှုများရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာပွဲစားအချို့သည် ပန်းရောင်ဘတ်အတွက် အထောက်အထားပြုလုပ်ပေးမည်၊ အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ (ကျပ် ခုနစ်သိန်းကျော်မှ ၁၀ သိန်းကျော်) အထိ ကောက်ခံကြောင်း အလုပ်သမားများထံမှ သိရသည်။

ငွေကြေးအပြီးအစီး ပေးလိုက်ချိန်တွင် အဆက်အသွယ်ဖြတ်ကာထွက်ပြေးသွားကြောင်း ၎င်းတို့က ပြောသည်။

ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် မြန်မာအလုပ်သမားအများစုသည် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို နားမလည်သဖြင့် ထိုင်းရောက် မြန်မာပွဲစားများနှင့်သာ ချိတ်ဆက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်း၌ ပန်းရောင်ဘတ် လုပ်ရန် Name List ရရှိလာသူ မြန်မာလုပ်သားများအနေဖြင့် ဆေးစစ်ခြင်း၊ အလုပ်သမားရုံးတွင် လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်ခြင်း စသောလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီဖြစ်သည်။

သို့ရာတွင် ပန်းရောင်ဘတ်ပြုလုပ်ထားသော မြန်မာအလုပ်သမား ၅၀ ခန့်သည် လက်ရှိအချိန်အထိ အထောက်အထား တစ်စုံတစ်ရာ မရရှိသေးသဖြင့် အလုပ်အပ်ထားသောပွဲစားဆီသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရကြောင်း ရနှောင်းခရိုင်ရှိ ကြက်ခြံတွင်လုပ်ကိုင်သည့် ငွေလိမ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“အလုပ်ထားတဲ့ ပွဲစားက ထွက်ပြေးသွားပြီကြားတယ်။ ဘာမှထပ်ဆက်သွယ်လို့ မရတော့ဘူး။ အချိန်ရှုံး ငွေရှုံး။ အခု လိမ်ခံရတဲ့ သူတွေ အကုန်စုပြီး ပုလိပ်ရုံး (ထိုင်းရဲစခန်း) မှာ တိုင်ထားပြီးပြီ။ ဘာမှတော့ မထူးခြားလာသေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းပွဲစားထံတွင် ၎င်းအပါအဝင် ရင်းနှီးသူ မြန်မာအလုပ်သမား ၅၀ ကျော်အထိ ပန်းရောင်ဘတ်ရိုက်ရန်အတွက် အလုပ်အပ်ထားပြီး တစ်ဦးလျှင် ပွဲစားခ ဘတ် ၉၅၀၀ မှ ၁၁၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သော လေးလ၊ ငါးလခန့်ကပင် အရစ်ကျပေး ချေနေပြီး ယခုလ၌ ငွေပေးချေမှု ပြီးစီးသွားချိန်တွင် ပွဲစား အဆက်အသွယ်ဖြတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ အလိမ်ခံရသောဖြစ်ရပ်မျိုးသည် ထိုင်းနိုင်ငံ ခရိုင်အသီးသီးရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား များစွာ ကြုံတွေ့ခဲ့ရပြီး အထောက်အထားမရရှိသည့်အတွက် တရားဝင်လုပ်ကိုင်ရန်၊ အလုပ်အကိုင် ရှာဖွေရန် မလွယ်ကူတော့ခြင်း စသော အခက်အခဲများစွာကို ကြုံတွေ့နေကြရသည်။

ပွဲစားများက အလုပ်ရှာပေးမည်ဟု ကတိပေးသော်လည်း အလုပ်မရသေးဘဲ ကြန့်ကြာမှုများလည်း ကြုံနေရသည်။

မြန်မာပွဲစားအများစုသည် အချိတ်အဆက်အမျိုးမျိုးဖြင့် အထောက်အထားမဲ့ မြန်မာအလုပ်သမားအများစုဆီသို့ ချဉ်းကပ်ကြကာ ၎င်းတို့ဆီ အလုပ်လျှောက်သည်နှင့် ဘတ် ၂၅၀၀ မှ ၄၀၀၀ အထိ တောင်းခံကာ တစ်လအတွင်း အလုပ်ရရှိမည်ဟု ကတိပေးခဲ့ကြောင်း မဟာချိုင်မြို့ ထိုင်းလုံစီ စက်ရုံတွင် အလုပ်လျှောက်ထားသူ တစ်ဦးကဆိုသည်။

“ကျွန်တော်တို့ သွေးစစ်တဲ့နေ့တုန်းက ငွေအပြည့် ပေးခဲ့ရပြီးပြီ။ ပွဲစားတွေပြောတုန်းက ဒီအပတ်အတွင်း အလုပ်ရမယ် လို့ ပြောလို့ အပြည့်ပေးလိုက်ကြတာ။ အခုဆို အလုပ်စမတ်ထားတာ (အလုပ်လျှောက်) တစ်လကျော်လာသည် အထိ အလုပ်မရသေးဘူး။ ပွဲစားဆီမေးတော့ အတိအကျမပြောဘဲ နေ့ကို ဟိုရွှေ့သည်ရွှေ့နေတာပဲ” ဟု ၎င်းကဆိုသည်။

၎င်းတို့ ချိတ်ဆက်ထားသည့် ပွဲစားတွင် အလုပ်အပ်ထားသည့် မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိပြီး ပန်းရောင်ဘတ် အတွက် ဘတ် ၁၁၀၀၀ မှ ၁၅၀၀၀ အထိ ကောက်ခံထားကြောင်း ၎င်းက ဆိုသည်။

ပွဲစားခကို ချက်ချင်းတောင်းခံခဲ့သည့်အတွက် ချေးငှားပေးထားခဲ့ရကြောင်း အဆိုပါ အလုပ်သမားက ပြောသည်။

လက်ရှိအချိန်အထိ ၎င်းတို့အုပ်စုသည် ဆေးရုံတွင် ဆေးစစ်ထားပြီး လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်ရန် စောင့်ဆိုင်းနေရကာ အလုပ်မှာလည်း တစ်လကျော်ကြာသည်အထိ မရသေးကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ လိမ်လည်မှုများကို မြန်မာအလုပ်သမားအများစုသည် ကိုယ်တိုင်ကြုံတွေ့နေခဲ့ရသော်လည်း အထောက် အထား မပြည့်စုံသည့်အတွက် ထိုင်းရဲစခန်းတွင် တိုင်ကြားရန် ခက်ခဲနေသဖြင့် အလုပ်သမားများ နစ်နာနေခဲ့ရ ကြောင်း အလုပ်သမားများထံမှ သိရသည်။

ဗီဇာသက်တမ်းတိုးရန်ဟုဆိုကာ မြန်မာအလုပ်သမား ၃၃ ဦးထံမှ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ နှုန်းဖြင့် ဘတ် သုံးသိန်းကျော် မြန်မာပွဲစားအမျိုးသမီးတစ်ဦးက လိမ်လည်သွားသည့် ဖြစ်ရပ်တစ်ခုလည်း စက်တင်ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက ရဲစခန်းတွင် အမှုဖွင့်ထားသေးသည်။

မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားများကို အယုံမလွယ်ရန်နှင့် မိမိ အလုပ်အပ်ထားသော ပွဲစား၏ နောက်ခံ အချက်အလက်များကို သေချာစုံစမ်းကြရန် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းထားသည်။