ယူကရိန်းကို ထောက်ခံပံ့ပိုးသွားမည်ဟု G7 အတည်ပြု

0
3492

ပြီးခဲ့သည့် တနင်္လာနေ့က ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် G7 ထိပ်သီးနိုင်ငံများ၏ ခေါင်းဆောင်များက ယူကရိန်းကို အဆုံးအထိ ပံ့ပိုးသွားမည်ဖြစ်ကြောင်း တညီတညွတ်တည်း ကတိပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။

G7 ခေါင်းဆောင်များ အွန်လိုင်းတွင် တွေ့ဆုံခဲ့ကာ ယူကရိန်းအား စစ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးနေဦးမည်ဟု ပြောကြားခဲ့သည်။

“ဘဏ္ဍာရေး၊ လူသားချင်းစာနာမှု၊ စစ်ရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အကူအညီများ ယူကရိန်းကို ကျွန်ုပ်တို့ ဆက်လက်ပေးနေမည်ဖြစ်ကာ၊ မည်မျှကြာမြင့်ပါစေ ယူကရိန်းဘက်က မြဲမြဲမြံမြံ ရပ်တည်သွားမည်” ဟု G7 နိုင်ငံများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိုအပ်သည့် အချိန်အထိ ယူကရိန်းနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း Nato က လည်း ပြောကြားထားသည်။

ယူကရိန်းနိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာတွင် အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး များစွာ ဒဏ်ရာ ရရှိခဲ့ရသည်။

တိုက်ခိုက်မှုများက အင်္ဂါနေ့အထိ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး အရပ်သားများကို လေကြောင်းရန် ကာကွယ်ရေး ဘန်ကာများထဲတွင်သာ နေထိုင်ကြရန် အစိုးရက နိူးဆော်ထားသည်။

ရုရှားနှင့် ကရိုင်းမီးယားကို ချိတ်ဆက်ထားသော တံတားအား တိုက်ခိုက်မှုသည် ယူကရိန်းလက်ချက်ဖြစ်ကာ လက်စားချေသည့် အနေဖြင့် ယင်းသို့ ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ရုရှားသမ္မတဗလာတီမာပူတင် က ပြောကြားသည်။