ထားဝယ်တွင် အမျိုးသမီးဝတ် ဝမ်းဆက်ချုပ်ရန် အပ်သူများလာဟုဆို

0
5120

ယခုနှစ်ပွင့်လင်းရာသီတွင် အမျိုးသမီးဝတ်အင်္ကျီချုပ်ရန် အထည်အပ်သူ ယမန်နှစ်ထက် ပိုများလာကြောင်း ထားဝယ်မြို့ရှိ အပ်ချုပ်ဆိုင်အချို့ထံမှ သိရသည်။

ထားဝယ်ဒေသအတွင်း အလှူ၊ မင်္ဂလာဆောင်ကဲ့သို့ အခမ်းအနားများမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများလာသည့် အခြေအနေကြောင့် အင်္ကျီချုပ်ရန် အထည်အပ်သူများလာကြောင်း ထားဝယ်မြို့အတွင်းရှိ အပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ဘေးပြင်းထန်ချိန်နှင့် အာဏာသိမ်းဂယက်ကြောင့် အင်္ကျီချုပ်သူ နည်းပါးပြီး တစ်လလျှင် ၁၀ စုံခန့် သာချုပ်ရသည်ဟု ဆိုသည်။

ယခုနှစ်တွင်မူ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံနှုန်း ချုပ်နေရကြောင်း ၎င်းက ပြောသည်။

“အဓိက ကတော့ အလှူအတန်းပါပဲ။ အလှူရာသီဆို ချုပ်ရတာများတယ်။ အရင်နှစ်ကဆို ချုပ်တဲ့သူတွေ သိပ်မရှိဘူး” ဟု အထက်ပါ အပ်ချုပ်ဆိုင် ပိုင်ရှင်က ဆိုသည်။

ယခုနှစ်တွင် အပ်ချည်လုံး၊ လျှပ်စစ်မီတာခ အစရှိသည့် အထွေထွေကုန်ပစ္စည်းများ ဈေးတက်နေသော်လည်း ချုပ်ခကိုမူ ယခင်နှစ်အတိုင်းပင် သတ်မှတ်ထားသေးကြောင်း ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် အင်္ကျီချုပ်ခအဖြစ် ဝမ်းဆက်တစ်စုံလျှင် ပျမ်းမျှ ၁၃၀၀၀ ကျပ်ဝန်းကျင်ယူလေ့ရှိပြီး နာမည်ကြီး အပ်ချုပ်ဆိုင်နှင့် ချုပ်သည့်အင်္ကျီဒီဇိုင်းအပေါ် မူတည်ကာ ဈေးနှုန်းကွာဟမှုရှိသည်။

ထားဝယ်ဒေသရှိ အမျိုးသမီးအင်္ကျီချုပ်သူ လေးဦးကို ဆက်သွယ်မေးမြန်းရာ သုံးဦးက ယခင်နှစ်ထက် ပိုချုပ်ရသည်ဟု ပြောပြီး ကျန်တစ်ဦးကမူ ယခင်နှစ်အတိုင်းပင် ချုပ်ရသည်ဟု ဆိုသည်။

အလှူရာသီဖြစ်သည့်အတွက် အင်္ကျီချုပ်သူများလာသော်လည်း ယခင်နှစ်က ချုပ်ရသည့်အရေအတွက်နှင့် ကွာခြားမှု မရှိကြောင်း ထားဝယ်ဒေသအတွင်း နာမည်ကြီးဒီဇိုင်နာလည်းဖြစ်သည့် အခြားအပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အလှူတွေများလာတော့ ပွဲတက်ဝတ်စုံတွေ လာချုပ်တာ များလာတယ်။ အရင်နှစ်ထက်များလားဆိုတော့ အတူတူလောက်ပါပဲ” ဟု ယင်း ဒီဇိုင်နာက ဆိုသည်။

အပ်ချုပ်ဆိုင်အများစုကမူ အင်္ကျီချုပ်ခဈေးနှုန်းကို ယခင်နှစ်အတိုင်းပင် သတ်မှတ်ထားသည်ဟု ဆိုသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကမူ လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေများကြောင့် ယခုနှစ်သီတင်းကျွတ်ရာသီတွင် အင်္ကျီအသစ် မချုပ်ဖြစ်တော့ကြောင်း ပြောသည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာမသိမ်းမီက ထားဝယ်ဒေသတွင် သီတင်းကျွတ်လမှစကာ ကထိန်ခင်း ရဟန်းခံသည့်အလှူပွဲများနှင့် မင်္ဂလာဆောင်ပွဲများဖြင့် လမ်းပေါ်တွင် စည်ကားနေလေ့ရှိသည်။