ကော့သောင်းမှ ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ

0
3943

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိတ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းရရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ ဦးတည်သွားနေသော အဆိုပါပစ်ကပ်ကားကို ထိုင်းတပ်မတော်နှင့် တာဝန်ရှိသူများက လမ်းပိုင်း တစ်နေရာတွင် တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦးနှင့် ထိုင်းနိုင်ငံသား အသက် ၄၄ နှစ်အရွယ် ကားသမားတစ်ဦးတို့ကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ လှေဖြင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး အားလုံးသည် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် လာကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုခရီးစဉ်အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀၀၀၀ (သိန်း ၂၀ ကျော်) ပေးရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ရန် စုက်စာရမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ အလုပ်အကိုင် ရှားပါးကာ စားဝတ်နေရေးကျပ်တည်းလာမှု တို့ကြောင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ သိန်း ၄၀ အထိ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်သဖြင့် မြန်မာအလုပ်သမား သုံးရာကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်သည့် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။

ယင်းအရေအတွက်သည် FED က ဆက်သွယ်ရရှိသဖြင့် ကောက်ယူရရှိထားသော အရေအတွက်သာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း FED ထံမှ သိရသည်။