ထိုင်းအမျိုးသမီးကိုသတ်ပြီး ရွှေငွေခိုးသွားသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ

0
4587

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက်ကြီးပိုင်းထိုင်းအမျိုးသမီးတစ်ဦးကို သတ်ကာ ရွှေနှင့်ငွေများ ယူဆောင်ထွက်ပြေး သွားသည်ဟု သံသယရှိသူ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်တွင် ပြောကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြသည်။

ချွန်ဘူရီခရိုင် မောင်ဒေသ နောင်ရီရွာတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခွဲခန့်၌ အသက် ၅၇ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးသည် ဦးခေါင်းရိုက်နှက်ခံရသည့်ဒဏ်ရာ၊ လည်ပင်းတွင် ဓားဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်သည်။

CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ပြီး သံသယရှိသူကို လိုက်လံဖမ်းဆီးခဲ့ရာ စမူပရကန်ခရိုင်၊ ဘန့်စောင်ထိုးဒေသရှိ တိုက်ခန်းတစ်ခုတွင် အမှုနှင့်သက်ဆိုင်သူ မြန်မာအလုပ်သမားတစ်ဦးကို အခင်းဖြစ်နေ့ ညနေ ၄ နာရီခန့်တွင်ပင် ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အသက် ၂၄ နှစ်အရွယ် မောင်ထက်ပိုင်ဦး ဆိုသူကို ဘတ်ငွေ ၂၀၀၀၀ နှင့်အတူ ရွှေကြိုး၊ ရွှေလက်စွပ် စသည်တို့နှင့် အတူ ဖမ်းဆီးရမိသည်ဟုဆိုသည်။  

မြန်မာအလုပ်သမားသည် ထိုင်းအမျိုးသမီး၏ အိမ်အနောက်ရှိ အလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သောနေ့များတွင် ဆေးခြောက်ပင်အရွက်ကို ဟင်းထဲထည့်ရန်အတွက် သေဆုံးသူထံတွင် လာတောင်း ခဲ့သေးကြောင်း ဆွေမျိုးဖြစ်သူ၏ ပြောကြားချက်ကို သတင်းတွင် ရေးသားထားသည်။

ထိုင်းအမျိုးသမီးသည် မနက် ၄ နာရီခွဲ ၅ နာရီအချိန်ခန့်တွင် ဆိုင်ဖွင့်လေ့ ရှိသူဖြစ်ပြီး အသတ်ခံရသောနေ့တွင် ဆိုင်မဖွင့်ထားသည့်အပြင် ဆက်သွယ်မရသဖြင့် မသင်္ကာဖြစ်ကာ တူဖြစ်သူက နေအိမ်အတွင်း ဝင်ကြည့်စဉ်တွင် သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ရေးသားသည်။

နေအိမ်အနောက်မှ ဝင်ရောက်ကာ သတ်ဖြတ်ခဲ့သည့် အခြေအနေဖြစ်ပြီး နေအိမ်အတွင်း မွေနှောက်ရှာဖွေထားသဖြင့် ရှုပ်ပွနေခဲ့ကြောင်းလည်း ရေးသားသည်။

ထို့နောက် အမှုနှင့်ဆက်စပ်၍ သံသယရှိသူ မြန်မာအလုပ်သမားကို ၈ နာရီမတိုင်ခင် ဖမ်းဆီးရမိခဲ့ပြီး အလုပ်လက်မဲ့ ဖြစ်နေ၍ သုံးရန် ငွေမရှိသဖြင့် သတ်ခဲ့မိကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြောင်း ဆက်လက် ရေးသားထားသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် အမှုဖြစ်စဉ်ကို သရုပ်ပြရန်အတွက် အခင်းဖြစ်ပွားရာနေရာသို့ ကားဖြင့် ခေါ်လာရာ ကားထဲရှိ မြန်မာအလုပ်သမားကို ထိုင်းရွာသား ၃၀၀ ခန့် လာရောက်ကာ အော်ဟစ်ဆူပူဆဲဆိုခဲ့ကြကြောင်း ဖော်ပြသည်။

သံသယရှိသူ၏ အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် သရုပ်ပြမှုကို ပြန်ရုပ်သိမ်းခဲ့ရကာ ခွန်ဘူရီရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ရပြီး ဥပဒေအရတရားစွဲဆိုနိုင်ရေး ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။

 Ref: Thairath, MGR Online, Khaosod Online