မြိတ်တွင် ဆံပင်တစ်ကျပ်သား ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်

0
4279

မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးဈေးကွက်တွင် ဆံပင်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်နေကြောင်း ဆံပင်ရောင်းဝယ်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ဆံပင်တစ်ကျပ်သားလျှင် ငါးထောင်မှ ခြောက်ထောင်ကျပ်အထိသာ ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်အတွင်းတွင် ဈေးတက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဆံပင်က နိုင်ငံခြားပို့တာဆိုတော့ ဒေါ်လာဈေး အတက် အကျနဲ့တွက်ပြီး ဝယ်ရတာ။ ဒေါ်လာဈေးတက်တော့ ဝယ်တဲ့ ဈေးလည်းတက်တဲ့ သဘောပါ” ဟု မြို့သစ်ရပ်နေ ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစပြီး ‌အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဈေးတက်လာပြီး ယခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။  

ငွေလဲနှုန်း စတင်မြင့်တက်ချိန်မှစပြီး ဆံပင်ကို ဈေးနှုန်း တဖြေးဖြေးတိုးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်သူကအချို့က ပြောသည်။

“ဒေါ်လာဈေး သုံးထောင်ကျော်ဖြစ်တုန်းက တစ်သောင်းအထိ ပေးဝယ်‌နေတာ။ နှစ်လ‌လောက်ရှိပြီပေါ့။ ဒေါ်လာဈေး ပြန်ကျလည်း ဒီဈေးအတိုင်းပဲ ပေးထားတယ်” ဟု မြို့သစ်ရပ်နေ ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူက ပြောဆိုသည်။

တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းရရှိသည့် ဆံပင်သည် အရှည် ၃၀ လက်မ ရှိရမည်ဖြစ်ပြီး ပျမ်းမျှ ခုနှစ်ကျပ်သား ခန့်ရှိသဖြင့် ခုနှစ်သောင်းကျပ်အထိရရှိမည်ဖြစ်ကြောင်း ရွှေပြည်တန်ရပ်နေ ဆံပင်ဝယ်ယူနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ၁၆ လက်မရှိ ဆံပင်တစ်ကျပ်သားလျှင် နှစ်ထောင်ကျပ်နှုန်း၊ ၂၂ လက်မ ဆံပင်တစ်ကျပ်သားလျှင် ငါးထောင်ကျပ် စသဖြင့် သတ်မှတ်ဝယ်ယူနေကြောင်း ၎င်းက ဆိုသည်။

ဆံပင်ဝယ်ယူသူတို့သည် ရပ်ကွက်များအတွင်း လှည့်လည်ကာ လိုက်လံဝယ်ယူလေ့ရှိကြပြီး ငွေကြေးပေးကာ ဝယ်ယူကြသလို အိမ်သုံး အိုးခွက်တို့နှင့် လဲလှယ် ဝယ်ယူနေကြကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

“ဆံပင်ရှည်တာ စိတ်ရှုပ်လို့ တစ်ခါဖြတ်ပြီးရောင်းဖူးတယ်။ တစ်နှစ်လောက်ရှိပြီ။ ထောင်ဂဏန်းအထိရခဲ့ဖူးတယ်” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်ကြသူတို့သည် ရန်ကုန်ရှိ အဝယ်ဒိုင်များသို့ ပြန်လည်ရောင်းချခြင်းဖြစ်ပြီး ရန်ကုန်အဝယ်ဒိုင်ကြီးတို့က ကုန်ချောအဖြစ် ပြင်ဆင်ထုတ်ပိုးကာ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ဆံပင်များ ဝယ်ယူပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေကြသည်မှာ ဆယ်စုနှစ် နှစ်စုကျော်ကြာနေပြီဖြစ်ကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့ထံမှ သိရသည်။