ဘယ်ရောက်‌ရောက် ကြောက်နေရတဲ့ မြန်မာတွေ

0
910

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးကာ ကုန်ဈေးနှုန်းကြီးမြင့်လာသဖြင့် စားဝတ် နေရေး ကျပ်တည်းမှုတို့နှင့် ကြုံကြရသည်။

ထို့ကြောင့် တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ် အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်နှင့်အမျှ သွားရောက်နေကြသည်။

သွားရောက်သည့် လမ်းခရီးမှာ ခက်ခဲကြမ်းတမ်းလှသည်။ အဖမ်းခံရသည့် သတင်းများ နေ့စဉ်နှင့်အမျှ မြင်တွေ့ နေရသည်။ ကားထဲတွင် ပိတ်လှောင်မွန်းကျပ်ကာ အသက်ဆုံးပါးမှုရှိသလို ယာဉ်မတော်တဆမှုကြောင့် အသက် ဆုံးပါးရသည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်များလည်း ရှိသည်။

သွားလိုရာနေရာသို့ ရောက်ချိန်တွင်လည်း အလုပ်ရသဖြင့် အဆင်ပြေသူ နေသူများရှိသလို အလုပ်အကိုင်ရရှိရန် အခက်အခဲကြုံတွေ့နေရသူများလည်းရှိသည်။ တရားဝင်အထောက်အထား မရှိသဖြင့် ဖမ်းဆီးခံရမည် ကို စိုးရိမ်သဖြင့် မသွားရဲ မလာရဲလည်းဖြစ်ကြရသေးသည်။

ပြည်တွင်း၌နေချိန်တွင်လည်း လုံခြုံမှုကင်းမဲ့သော ဝန်းကျင်ကြောင့် ကြောက်ရွံ့မှုဖြင့် နေထိုင်ကြရသော မြန်မာနိုင်ငံသားများမှာ ပြည်ပနိုင်ငံများတွင်လည်း အကြောက်တရားဖြင့်သာ နေထိုင်ကြရပြန်သည်။

အလုပ်အကိုင်မရှိဘဲ နိုင်ငံရပ်ခြားတွင် နေထိုင်စားသောက်ရန် အခက်အခဲများစွာရှိသဖြင့် ကြုံရာအလုပ်ကို ဝင်ရောက် လုပ်ကိုင်ပြီး ဖြေရှင်းနေကြသူများလည်းရှိသည်။ တရားဝင် အထောက်အထားရှိမှသာလျှင် အလုပ်ရှာရ လွယ်ကူသဖြင့် တရားဝင်အထောက်အထား လျှောက်ထားကာ စောင့်မျှော်ကြရသည်။

ထိုင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် အဆင်ပြေသဖြင့် မိသားစုကို ငွေကြေးထောက်ပံ့နိုင်သူများ များစွာရှိနေသလို အခက်အခဲကြုံနေရသည်များကိုလည်း သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြသူများ သတိပြုစေနိုင်ရန် ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ထိုင်း၊ မလေးရှားတို့တွင် အခက်အခဲကြုံတွေ့နေရသည့် တနင်္သာရီတိုင်းသားအချို့ကို မေးမြန်းကာ ဖော်ပြထားပြီး သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအတွက် အကြံပြုချက်များကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။

“သိန်းလေးငါးဆယ် အကုန်ခံပြီးလာရတာ။ ဒီရောက်တော့ အလုပ်လည်းမရ။ ပြန်လို့ကလည်းမရ”

မလေးရှားရောက် လောင်းလုံးဒေသခံ ကိုအေးမင်းထွန်း

DW ။ မလေးရှားကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လမ်းကြောင်းကနေ သွားခဲ့တာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ အောက်လမ်းနေကပဲ ပွဲစားနဲ့သွားတာပါ။ လမ်းမှာတော့ တစ်ပတ်လောက်ကြာတယ်။ ထိုင်းကနေ မလေးဖက်ကို အကူးမှာ တောင်သုံးလုံးကို ခြေကျင်ဖြတ်ရတယ်။ မနက် ၄ နာရီလောက်ကနေစပြီးလမ်းလျှောက် တောင်တက်ရတာ ညနေ သုံးနာရီလောက်မှရောက်တယ်။ ကျွန်တော်တို့အုပ်စုမှာက လူနှစ်ဆယ်ကျော်လောက်ရှိတယ်။ အခုဆိုရင်တော့ ဒီကို (မလေးရှားကို) ရောက်တာ နှစ်လကျော်ကျော်လောက် ရှိပြီပေါ့။

DW ။ ရောက်ရောက်ချင်း အလုပ်ရတာလား။

ဖြေ ။ မရပါဘူး။ ကျွန်တော်ကအရင်တုန်းက အလုပ်လုပ်ဖူးတဲ့သူဌေးဆီမှာ အလုပ်ရမယ်ထင်ပြီး ဝင်လာတာ။ အဲဒီစက်ရုံမှာ ကျွန်တော် ဆယ်နှစ်လောက်လုပ်ဖူးတယ်။ ကျွမ်းလည်းကျွမ်းကျင်နေပြီဆိုတော့ သူ့ဆီမှာ အလုပ်ရမယ် ထင်ပြီး ဝင်လာတာပေါ့။ ဒီကိုရောက်တော့ အလုပ်သမားတွေ မလိုတော့ဘူးတဲ့။ ပိုတောင်ပိုနေသေးတယ်လို့ ပြောတယ်။ အဲဒါနဲ့ အလုပ်မရှိဘဲ တစ်လလောက်ကြာသွားတယ်။ ဒီနေရာမှာပဲ အလုပ်ရအောင်ရှာမယ်ဆိုပြီး စောင့်ရင်း စောင့်ရင်းနဲ့နေနေတာပေါ့။ ကိုယ်က မလေးစကားလည်းတတ်တယ်ဆိုတော့ သူများတွေနဲ့စာရင် အလုပ်ပိုရမြန်မယ် ဆိုပြီး စောင့်နေတာပေါ့။ တစ်လကျော်လာတော့ အလုပ်ကလည်း မရတာနဲ့ KL (ကွာလာလမ်ပူမြို့) ကို ထွက်လာ လိုက်တာ။ ဒီမှာ အလုပ်ရသွားတာပေါ့။ စားသောက်ဆိုင်မှာ။ အရင်တုန်းက စက်ရုံအလုပ်တာဆိုတော့ စားသောက်ဆိုင်က အခုမှလုပ်ဖူးတော့ လစာတော့ကောင်းကောင်းမရဘူးပေါ့။ တစ်လမှ (ရင်းဂစ်) တစ်ထောင်ပဲ ရတယ်။ စားစရိတ်၊ နေစရိတ်မပေးရတော့ ဒီမှာပဲခဏတဖြုတ်လုပ်ပြီးမှ စက်ရုံအလုပ်ရရင် ပြောင်းမယ် စိတ်ကူးထားတယ်။

DW ။ အရင်နေရာဟောင်းမှာက ဘာဖြစ်လို့အလုပ်မရတာလဲ။ တခြားသူတွေရော အလုပ်မရတာမျိုးတွေရှိသေးလား။

ဖြေ ။ အလုပ်ကလည်း တိုးမပေါက်ဘူး။ အလုပ်မရှိဘဲ ထိုင်စားနေတဲ့သူတွေက တစ်ပုံကြီးပဲ။ အလုပ်တစ်နေရာစာ လူလိုနေတယ်ပြောသံကြားလို့ သွားမေးလိုက်ရင် ကိုယ့်ထက်ဦးအောင်ရောက်နေတဲ့သူတွေက အများကြီး အဲဒီလို ဖြစ်နေတာ။ အဲဒီနေရာက ထားဝယ်သားတွေ အရမ်းပေါတာ‌။ လေးငါး‌ရာကို ကျော်မယ်။ ထားဝယ်ရွာလို့တောင် ခေါ်ကြတယ်၊ အဲဒီနေရာကိုလေ။ ထားဝယ်သားတွေများလို့။ အခုက သူ့ဆက်ပိုင်းရှိရာရှိရာတွေကို ခေါ်လိုက်တော့ လူတွေတအားများလာတယ်။ အိပ်ခန်းတစ်ခန်းမှာဆို လူတွေတိုးကြိတ်ပြီး နေနေရတယ်။ အရင်က ဆယ်ယောက် နေတဲ့ အခန်းက အခုဆို ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ် အဲဒီလိုမျိုးကို စုပြုံပြီးတော့နေကြရတယ်။

DW ။ လူတွေအရမ်းများလာတော့ အလုပ်က ရှာမရတော့ဘူး။ အဲဒီလိုဖြစ်နေကြတာပေါ့နော်။

ဖြေ ။ ဟုတ်တယ်။ ကျွန်တော်လို မလေးစကားလည်းတတ်တယ်။ အလုပ်လည်း ကျွမ်းကျင်တဲ့သူတောင်‌တိုးမပေါက်ဘူး။ ‌သူ့ထက်ငါအပြိုင်အလုပ်ရှာနေရတော့ သူဌေးကလည်း ‌လစာပိုပေးရတဲ့သူ မလိုချင်ဘူး။ လစာနည်းနည်းပဲ ပေးရတဲ့သူမျိုးပဲ သူလိုချင်တော့တယ်။ သူ့မှာ အရင်ကတည်းက ကျွမ်းကျင်တဲ့သူရှိပြီးသား သူဌေးတွေဆိုရင်ပေါ့။ ဗမာတွေကလည်း သိတဲ့အတိုင်းပဲလေ။ အလုပ်ရရင်ပြီးရော ပေးတဲ့ဈေးနဲ့ ဝင်လုပ်နေကြရတာ။ အဓိက ဒီမှာက စာရိတ်အရမ်းကြီးတာ။ လူတစ်ယောက်အလုပ်မရှိဘဲနဲ့ တစ်လလောက် ထိုင်စားနေဖို့ဆိုတာ မလွယ်ဘူး။ ဘယ်ဆွေမျိုးပဲဖြစ်ဖြစ် တစ်လကျော်လာရင် ဖွင့်မပြောရင်သာနေမယ် စိတ်ထဲမှာတော့ ငြိုငြင်လာကြတာပဲ။ အဲဒီလိုမျိုးဆိုတော့ အလုပ်ရွေးနေလို့ မရတော့ဘူး။ အဲဒီလိုဖြစ်နေတာပေါ့။

DW ။ မလေးရှာလာဖို့ စိတ်ကူးနေတဲ့ ပြည်တွင်းကလူတွေကို ဘာများအကြံပြုချင်တာရှိလဲ။

ဖြေ ။ လူအရင်းခံရှိမှ လာဖို့ပြောချင်တယ်။ မလေးရှားကို ရောက်တာနဲ့ အလုပ်ရမယ်လို့ တွေးနေလို့မရဘူး။ ဟိုမှာကတည်းက ကြိုပြီးအလုပ်ကိစ္စ၊ နေရေးထိုင်ရေး ကြိုမေးထားပြီးတော့ သေချာမှ လာစေချင်တယ်။ လမ်းစရိတ် သိန်းလေးငါးဆယ် အကုန်ခံပြီးလာရတာ။ ဒီရောက်တော့ အလုပ်လည်းမရ။ မြန်မာပြည်ပဲ ပြန်ရတော့မလိုလို ဖြစ်နေတဲ့သူတွေလည်း တစ်ပုံကြီး။ ပြန်လို့ကလည်းမရ။ လမ်းစရိတ်က ရှိသေးတာကိုး။ တချို့ကတော့ ထိုင်းကိုပြန်သွားတော့မယ်ဆိုပြီး ‌ပြောတဲ့သူလည်း ရှိတယ်။ ‌သေသေချာချာ စဉ်းစား၊ သေသေချာချာ မေးမြန်းစုံစမ်းပြီးတော့မှ လာစေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အလုပ်ကူညီရှာဖွေပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခံရတဲ့ ဖြစ်ရပ်တွေလည်း အများကြီး”

ထိုင်းရောက်ပြီး တစ်လကျော်ကြာအထိ အလုပ်အတည်တကျ မရသေးသည့် CDM ဝန်ထမ်းတစ်ဦး

DW ။ ထိုင်းကို ထွက်လာရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ထိုင်းရောက်ရင် ဘာလုပ်မယ်လို့စိတ်ကူးခဲ့ပြီး ထွက်ခဲ့တာလဲ။

ဖြေ ။ ကျွန်မတို့က တိုင်းပြည်အာဏာသိမ်းခံလိုက်ရလို့ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်တော့တဲ့ အတွက် CDM လုပ်ခဲ့တယ်။ အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်လို့ CDM တွေ ဖမ်းဆီးခံနေရတဲ့အတွက် ပြည်တွင်းမှာ လုံခြုံမှုမရှိတော့တာကြောင့် အနီးစပ်ဆုံး ထိုင်းကိုပဲ ထွက်လာရပါတယ်။ ထိုင်းကို ရောက်ရင်တော့ စစ်အစိုးရ လက်ကနေ လွတ်မယ်။ ပြီးတော့ စားဝတ်နေရေးအတွက် အလုပ်လည်း လုပ်ကိုင်နိုင်မယ်။ အိမ်ကိုလည်း ပြန်ထောက်ပံ့နိုင်မယ်ဆိုတဲ့အတွေးနဲ့ပဲ ထွက်လာခဲ့တာပါ။

DW ။ ထိုင်းအထိထွက်လာရဖို့ကို ငွေကြေးအတွက် ဘယ်လိုရှာဖွေခဲ့ရလဲ။

ဖြေ ။ အရင်က ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး လမ်းစရိတ်ရအောင် ဖန်တီးခဲ့ရပါတယ်။ တရားမဝင်လမ်းကြောင်းကနေ လာရတဲ့စရိတ်က အဆမတန်ကို များပြားနေခဲ့တာပါ။ ကျွန်မတို့လာတုန်းကဆို တစ်ယောက်ကို ဘတ် ၂၃၀၀၀ မြန်မာငွေနဲ့ဆိုရင် ၁၅ သိန်းလောက်ပေါ့။ ချေးငှားပေါင်နှံခဲ့ရတာမျိုးတော့ မရှိခဲ့ပါဘူး။ စုထားတာလေးတွေတော့ ပြောင်သွားတာပေါ့။

DW ။ လာခဲ့တဲ့လမ်းက တရားမဝင်လမ်းဖြစ်နေတဲ့အတွက် လာခဲ့တုန်းက ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်တွေ ဘယ်လို ကြမ်းတမ်းခဲ့သလဲ။

ဖြေ ။ တရားမဝင်ဆိုတဲ့အတိုင်း ထိုင်းနယ်စပ်ကို ကူးဖို့အတွက် ပုလိပ် (ထိုင်းရဲ) တွေ ကင်းလှည့်နေတဲ့အချိန်ကို စောင့်ကြည့်ပြီးတော့ ပွဲစားတွေ စီစဉ်ထားတဲ့ လှေသေးသေးလေးနဲ့ နယ်ခြားမြစ်တစ်ခုကို ဖြတ်ခဲ့ရတာ။ ဘယ်အချိန် ရေထဲပြုတ်ကျသွားမလဲတွေးရင်း ဘုရားစာတွေ ရွတ်ခဲ့တာပေါ့။ ပုလိပ်တွေကို ရှောင်ဖို့ တောတွေ တောင်တွေကြားထဲ ပုန်းခိုရင်း လမ်းလျှောက်လာခဲ့ရတယ်။ လာတဲ့လမ်းခရီးကလည်း ၈ ရက်အထိပဲ။ ပွဲစားတွေ စီစဉ်ပေးတဲ့ ထမင်းနပ် တွေကို အဆင်ပြေသလို စားသုံးရင်း အအေးဒဏ်တွေကြား ပင်ပန်းမှုဒဏ်တွေရယ်၊ ကြမ်းတမ်းလှတဲ့ တောင်အတက်အဆင်း လမ်းတွေရယ်၊ အလုံပိတ်ကားကြီးထဲ အသက်ရှူလို့မဝ ကျပ်ကျပ်တည်းတည်း လိုက်ပါလာရတဲ့ ဒုက္ခတွေက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ အခိုက်အတန့်တွေပါပဲ။ တစ်သက်လုံး ဘယ်မေ့နိုင်ပါ့မလဲပေါ့။

DW ။ ထိုင်းရောက်လာပြီးတဲ့အချိန်မှာရော အထောက်အထားမရှိသေးတဲ့အချိန် အလုပ်ရဖို့ လွယ်ကူရဲ့လား။

ဖြေ ။ CDM လုပ်ထားတာကြောင့် နိုင်ငံကူးလက်မှတ် (passport) လည်း လုပ်ခွင့်မရရှိခဲ့ပါဘူး။ ထိုင်းမှာ တရားဝင် နေထိုင်ဖို့ အထောက်အထားရဖို့အတွက်က ခက်ခဲခဲ့ပါတယ်။ နည်းလမ်းမျိုးစုံနဲ့ ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးတဲ့အချိန်ကို ကျွန်မတို့ လနဲ့ချီစောင့်ခဲ့ရပါတယ်။ အထောက်အထားမရရှိသေးတဲ့အချိန်မှာ အထောက်အထားမဲ့ အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတစ်ယောက်အနေနဲ့ အလုပ်အကိုင်တွေက ရွေးချယ်စရာနည်းပါးလွန်းပါတယ်။ လုပ်ခလစာနည်းတဲ့ ခြံအလုပ်တွေ၊ အထည်ချုပ်ရုံတွေ၊ အအေးခန်းစက်ရုံတွေ၊ အလုပ်ချိန်များပြီး လုပ်အားခနည်းပါးတဲ့ စားသောက်ဆိုင်အသေးတွေ၊ ဈေးဆိုင်တွေ စတာတွေပဲ ရွေးချယ်လို့ ရနေခဲ့တာပါ။ လုပ်အားနဲ့ လစာ တန်ကြေးမျှတဲ့ အလုပ်မျိုး လုပ်ကိုင်ခွင့်ရဖို့ အထောက်အထားတစ်ခုခုရအောင် စောင့်ရင်းနဲ့ အလုပ်ရှာရတာ ခက်ခဲနေခဲ့တာပါ။ ကျွန်မကတော့ အခုချိန်အထိ အလုပ်အတည်တကျ မရနေတာ တစ်လကျော်တောင် ကြာသွားခဲ့ပြီ။

DW ။ ထိုင်းနိုင်ငံမှာ လတ်တလော ကုန်ဈေးနှုန်းတွေလည်း တက်နေတာသတိထားမိတယ်။ ဒီလိုအချိန်မှာ အလုပ်မရသေးတဲ့အတွက် ဘယ်လို ရပ်တည်ပြီး နေထိုင်ခဲ့ရလဲ။

ဖြေ ။ ကုန်ဈေးနှုန်းကလည်း တက်နေတဲ့အချိန် စားစရိတ်ရယ်၊ အခန်းခရယ် ရှိနေသေးတာကြောင့် အလုပ်မရှိဘဲ ရေရှည်ရပ်တည်နေနိုင်ဖို့က ဘယ်လိုမှမလွယ်ကူခဲ့ပါဘူး။ ထိုင်းမှာ အခြေကျနေပြီးဖြစ်တဲ့ အမျိုးတွေကပဲ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ကူညီပေးထားကြပေမယ့်လည်း ရေရှည်က ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အတွက် ရရာအလုပ်ကိုပဲ ရက်ပိုင်းဝင်လုပ်ခဲ့ရပါတယ်။ သစ်သီးခြံမှာ သစ်သီးခြွေ သစ်သီးခူးတဲ့ အလုပ်၊ ဈေးရောင်းတဲ့အလုပ်တွေ ရက်ပိုင်းလောက်လုပ်ရင်းနဲ့ နေထိုင်ခဲ့ရတယ်။ လုပ်ခလစာရနေတဲ့ အလုပ်သမားတွေတောင် နေစရိတ် စားစရိတ် ကာမိအောင် အတော်ရုန်းကန်နေနေကြတဲ့ အခြေအနေတွေ ဖြစ်နေတာပါ။

DW ။ ထိုင်းမှာ အလုပ်လည်းမရှိ၊ အမျိုးသမီးအလုပ်သမားတစ်ယောက်လည်းဖြစ်နေတော့ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ လူလွတ်အမျိုးသမီးတစ်ယောက်အနေနဲ့ ထိုင်းမှာ နေထိုင်ရတဲ့အဓိကအခက်အခဲက လုံခြုံရေးပါပဲ။ ထိုင်းလူမျိုးတွေအပြင် မြန်မာလူမျိုးအချင်းချင်းကတောင် လူလွတ်အမျိုးသမီးတစ်ယောက်ကို လေးစားမှု၊ ဖေးမမှု အပြည့်အဝ မပေးနိုင်ကြပါဘူး။ အဲဒီလိုအန္တရာယ်တွေ မကြုံရဖို့အတွက် အသွားအလာ အနေအထိုင်တွေအပြင် အရာရာကို သတိကြီးစွာ ချိန်ဆနေထိုင်ရပါတယ်။ အထောက်အထား မရှိသေးတဲ့အချိန်တုန်းကဆိုရင် အပြင်တောင် သိပ်မထွက်ရဲဘူး။ ပုလိပ်ကြောက်ရ၊ လူတွေကြောက်ရနဲ့ တော်တော်လေးကို နေထိုင်ရ ပင်ပန်းခဲ့တာပါ။ မတော်လို့ အဖမ်းခံရရင် ဘတ် ၁၀၀၀၀ အနည်းဆုံးကုန်မှာပဲ။ အလုပ်မရှိနေတဲ့အချိန်က ဘယ်ကနေ သွားရှာလို့ရမလဲ။ ကိုယ်ပဲ သတိထားနေနေရတာပေါ့။

DW ။ နောက်ပိုင်း ထိုင်းကို ထွက်လာမယ့် မြန်မာအမျိုးသမီးတွေကို ဘာတွေထပ်ပြောပြချင်လဲ။

ဖြေ ။ အလုပ်ကူညီရှာဖွေပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခံရတဲ့ ဖြစ်ရပ်တွေလည်း အများကြီးရှိနေတဲ့အတွက် မြန်မာအမျိုးသမီးတွေအနေနဲ့ ထိုင်းကိုလာပြီး အလုပ်လုပ်ကိုင်မယ်ဆိုရင် စိတ်ချယုံကြည်ရတဲ့ ဆွေမျိုး၊ မိသားစုဝင်တွေ ရှိမှသာ ချိတ်ဆက်ပြီး လာစေချင်ပါတယ်။ ပွဲစားတိုင်းကိုလည်း အယုံကြည်မလွယ်ဖို့နဲ့ အလုပ်အကိုင်အတွက် ချိတ်ဆက် လာတဲ့ပွဲစားတွေအကြောင်းကိုလည်း သေချာ စုံစမ်းကြည့်ဖို့ အဓိက အကြံပေးချင်ပါတယ်။ နောက်တစ်ချက်က အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေအနေနဲ့ အုပ်ထိန်းသူတွေမပါဘဲ ထိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ မလာစေချင်ဘူး။ အသက်ပြည့်ပြီးသား အမျိုးသမီးတွေအနေနဲ့လည်း ဘယ်သူ့ကိုမှ အယုံကြည်မလွယ်ဖို့နဲ့ အရာရာကို သတိကြီးစွာထားဖို့ အကြံပေးချင်ပါတယ် ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရှစ်လလောက်အထိကို အလုပ်မရသေးတဲ့ လူတွေရှိတယ်”

ထိုင်းရောက် ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦး

DW ။ ထိုင်းနိုင်ငံကို ဘယ်အချိန်က စသွားခဲ့တာလဲ။

ဖြေ ။ ၂၀၂၂ ခုနှစ် ၈ လပိုင်း ၆ ရက်နေ့က ထွက်လာတယ်။ ထိုင်းကို ၈ ရက် ၈ လပိုင်းမှာ ရောက်တယ်။ လမ်းမှာ ၂ ရက်ပဲ ကြာတယ်။

DW ။ အရင်က သွားဖူးလား။

ဖြေ ။ ငယ်ငယ်တုန်းက တစ်ခါသွားဖူးတယ်။ ၁၆ နှစ်လောက်တုန်းက။ အဲဒီတုန်းက ၁ နှစ်ပဲကြာတယ်။ အဲဒီတုန်းက ရနောင်းကိုသွားတာ။ အခုက ဘန်ကောက်ကို သွားတာ၊ ဘန်ကောက် စမူပကန် ဘန်ဖီမှာ။

DW ။ အရင်က ပြည်တွင်းမှာ ဘာအလုပ်လုပ်လဲ။ ဘာကြောင့် ထိုင်းကို သွားဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ ။ ကုန်စုံဆိုင်ရောင်းတယ်။ ကျွန်မက ကုန်စုံဆိုင်က စာရေးမဆိုတော့ လစာက ရတော့ ရတယ် ၂ သိန်းခွဲလောက်ရတယ်။ အဲဒီကရတဲ့ လစာနဲ့ ကိုယ့်မိသားစုနဲ့ အဆင်မပြေပဲ ဖြစ်လာတယ်။ ကုန်စုံဆိုင်မှာ ၆ နှစ်လောက်ထိ လုပ်လာတယ်ပေါ့နော်။ အခု ထိုင်းကို ထွက်လာခါနီးအထိပဲပေါ့။

DW ။ ထိုင်းနိုင်ငံကိုသွားဖို့ ဘယ်အရာတွေက တွန်းအားပေးခဲ့သလဲ။ ပြည်တွင်းမှာနေဖို့ ဘယ်လို အခက်အခဲတွေရှိလာလို့ ထိုင်းကိုထွက်ဖို့ ဖြစ်လာခဲ့တာလဲ။

ဖြေ ။ နေရတာ မလွတ်လပ်တာလည်း ပါတယ်။ မလွတ်လပ်တာက အဓိကပြဿနာပဲပေါ့။ စိတ်ရှုပ်တယ်။ မြန်မာနိုင်ငံထဲမှာ မနေချင်တဲ့စိတ်တွေဖြစ်တယ်။ ပြီးတော့ ငွေရေးကြေးရေးပေါ့။ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ကိုယ့်လခပေါ့။ ကိုယ့်လခက လုံးဝ မတက်ဘူးလေ။ ကုန်ဈေးနှုန်းပဲ တက်လာတယ်။ ပြီးတော့ မောင်လေး အတွက်လည်း လိုသေးတယ်။ အခက်အခဲတွေက မျိုးစုံဖြစ်လာတာဆိုတော့ ဒီလမ်းကိုပဲ ရွေးလိုက်တယ်။

(၎င်း၏ မောင်ဖြစ်သူမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင် ပါဝင်သဖြင့် ဖမ်းဆီးထောင်ချခံရကာ ထောင်အတွင်း ဆေးဝါးကုသနေရသည်။)

DW ။ လမ်းစရိတ် ဘယ်လောက်ပေးရလဲ။ ဘယ်လမ်းကနေသွားလဲ။ လမ်းမှာ ဘာအခက်အခဲတွေ ကြုံတွေ့ရလဲ။

ဖြေ ။ ၁၄ သိန်းခွဲပေးရတယ်။ လမ်းစရိတ်ကတော့ ကိုယ့်ဘာကိုယ် ချေးပြီးလာတာ။ လမ်းက အိမ်ကနေပြီး ပေါက်တိုင်းတံတားအတိုင်း ထွက်လာပြီး မောတောင်လမ်းကနေ ထွက်လာခဲ့ကြတာ။ တောင်တက်ရတယ်။ သရက်ချောင်း တလျှောက်ကနေ မောတောင်အထိ တစ်လမ်းလုံး စစ်တပ်ဂိတ်တွေကို ပိုက်ဆံပေးရတယ်။ ကားသမားတွေက ပေးရတာ။ ကားထဲမှာလည်း လူတွေ တပုံကြီးပဲ။ ကျပ်ကျပ်တည်းတည်းထိုင်ပြီး လိုက်လာရတယ်။ လူကြီးက ၁၉ ယောက် ကလေးက ၄ ယောက်ပါတယ်။ ကားက အံစာတုံးကားဆိုပြောရမယ်ထင်တယ်။ နံနက် ၁၀ နာရီ လောက်ကနေ တောင်တက်လိုက်တာ ထိုင်းတောင်ခြေရင်းရောက်တဲ့အချိန် ည ၁၂ နာရီလောက်ထိုးပြီ။ အဲဒီကနေ ပွဲစားကားက တဆင့် ထပ်လာကြိုပေးတယ်။ တောင်တက်ခဲ့ရတဲ့ လမ်းတလျှောက်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလမ်းမှာ သေချင်လည်း သေဆိုပြီး တပုံကြီးတွေးထားရတယ်။ ခန္ဓာကိုယ်လည်း ပေးဆပ်ထားရတယ်။ အသက်ပါရော၊ တောင်တက်တဲ့အချိန် လမ်းပြနှစ်ယောက်ပါတယ်။ သူတို့မှာ သေနတ်တွေလည်းပါတယ်။ သူတို့ကပြောတယ်။ တကယ်လို့ တောင်ပေါ်မှာ ကျန်ခဲ့ရင် လာမရှာဘူး နေခဲ့တဲ့။ စကားလည်း ပြောလို့မရဘူး။ သူတို့ဖြတ်ပြီးလာတဲ့လမ်းကြောင်းက ထိုင်းစစ်သားတွေနဲ့ နီးနီးလေးပဲ။ ဟိုဘက်ခြမ်းက ထိုင်းစစ်သားတွေ ကြားရင်လည်း ပစ်သတ်ခံရဦးမယ်။ ဒီဘက်ခြမ်းမှာလည်း စကားပြောတာတို့ အသံထွက်တာတို့ဆိုလည်း တခါ ပစ်သတ်ခံထိဦးမယ်။ သူတို့မှာ သေနတ်ပါတယ်လေ။ သူတို့က အဲဒီလိုခြိမ်းခြောက်ပြီး ပြောထားတော့ အသံလည်း ထွက်မရဲဘူး။ ဖုန်းလည်း သုံးမရဘူး။ မီးရောင်လည်း မြင်မရဘူး၊ တောင်ပေါ်မှာ စမ်းတဝါးဝါးနဲ့ တောင်တက်ခဲ့ရတယ်။ တောင်သုံးလုံးကို ဖြတ်ကျော်ခဲ့ရတယ်။ အခက်အခဲတွေကတော့ တပုံကြီးပဲ။

DW ။ အခု ထိုင်းကိုရောက်တာ နှစ်လလောက်ကြာပြီဆိုတော့ အလုပ်တွေဘာတွေရော ရပြီလား။ အလုပ်ဘယ်နှစ်ခုလောက် လျှောက်ကြည့်ပြီးပြီလဲ။

ဖြေ ။ အလုပ်က မရသေးဘူး။ လာတည်းက ဘတ် (တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ်) စာရင်းတင်ထားတာ။ ဘတ်ကလုပ်ရတော့မယ်ဆိုပြောတယ်။ ဒီနားမှာ ဘတ်ရှိမှ အလုပ်ရတယ်။ ဘတ်မရှိရင် အလုပ်လုပ်လို့ မရဘူး။ ဘတ်က လက်မနှိပ်ပြီး ထားထားရတယ်။ နောက်ထပ်တခါ ဆေးရုံသွားပြီး သွေးသွားစစ်တာတို့ ဆေးစစ်တာတို့ လုပ်ရမယ်ဆိုပြောတယ်။ ဘတ်လုပ်တာက ၁၁၀၀၀ ပေးရတယ်။ အလုပ်လျှောက်တာကတော့ နှစ်ခုသုံးခုလောက်ဖြစ်သွားပြီ။ သူတို့ပြောတာတော့ စာရွက်တွေ ပြည့်စုံရင်ပြန်လာဆိုပြောတယ်။ ဒီနေရာမှာ ၈ လလောက်အထိကို ဘတ်မရှိလို့ အလုပ်မရသေးတဲ့လူတွေရှိတယ်။

DW ။ လက်ရှိအနေထားအရ ထိုင်းမှာ အလုပ်လျှောက်တာ မရသေးဘူးဆိုတော့ နေစရာထိုင်ခင်း စားစရိတ်၊ အခန်းခ၊ လမ်းစရိတ်တွေအတွက် ဘယ်လို ဖြေရှင်းနေလဲ။

ဖြေ ။ သူငယ်ချင်းနားမှာ နေတယ်။ သူငယ်ချင်းက ထိုင်းမှာ နေတာကြာပြီဆိုတော့ ပိုက်ဆံချေးပေးထားတယ်။ နေစရာ စားစရာပေးထားတယ်။

DW ။ လက်ရှိ ထိုင်းရောက်ချိန် အဓိက ဘာအခက်အခဲတွေကြုံရလဲ။

ဖြေ ။ အစတုန်းကတော့ ထိုင်းကိုရောက်ရင် အလုပ်လုပ်မယ်၊ ပိုက်ဆံရရင် ကိုယ်လိုချင်တဲ့ အခြေနေတွေ ဖြစ်လာမယ်ပေါ့။ အဲဒီလိုတွေးထားတာ။ ဒီရောက်တာနဲ့ ခရီးထွက်လာတည်းကစပြီး လုံးဝ ကွဲပြားတယ်။ ကိုယ်လုံးဝ မထင်ထားတဲ့အခြေအနေတွေလည်း ဖြစ်လာတယ်။ အရမ်းကိုကြောက်ရတဲ့ အခြေအနေတွေလည်း လမ်းခရီးမှာ ကြုံရတယ်။ လူက ထိုင်းကိုရောက်လာတဲ့အချိန်မှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး။ နည်းနည်း ကြောက်နေသလိုမျိုး ဖြစ်နေတယ်။ ကိုယ်တွေ့လာတာတွေက နည်းနည်းလည်း ကြောက်စရာကောင်းတယ်ဆိုတော့ ကြောက်ပြီး ထူသွားတယ်။ တောင်ကြီးတွေဆို အရမ်းကို မတ်စောက်တဲ့နေရာကြီး အဲ့ဒါတွေကို ဆင်းတက် ချောင်းကြီး ချောင်းငယ်တွေကို ဖြတ်ကျော်ခဲ့ရတယ်။ ပြီး‌တော့ ဒီရောက်လာတယ်။ ရောက်လာပြီးတာနဲ့ သူများပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တော့ ပင်ပန်းတယ်။ အခန်းထဲမှာပဲ ဖုန်းတစ်လုံးနဲ့ လူက ထူချင်သလိုလို ဖြစ်လာတယ်။ အလုပ်မရှိတော့ ဦးနှောက်တွေလည်း ထိုင်းတယ်။ အတွေးတွေတော့ တပုံကြီးတွေးနေတာပဲ။ ညဘက်တွေဆိုလည်း အိပ်မပျော်ဘူး လျှောက်တွေးတယ်။ ဟိုနေ့တုန်းကဆို ဆေးဗူးကြီးပါ သွင်းလိုက်ရတဲ့ အဆင့်ထိကိုဖြစ်တယ်။ အခုတော့ အိပ်ဆေးတွေနဲ့ အိပ်နေရတဲ့အဆင့်ထိကို ဖြစ်နေပြီ။ စရောက်ပြီးတုန်းကတော့ ငိုတာတွေဖြစ်တယ်။ အခုတော့ တစ်ချိန်ကျရင် အလုပ်ရသွားလိမ့်မယ်လို့ပဲ တွေးတယ်။ ဘတ်ရပြီဆိုရင် အလုပ်ရပြီလေဆိုပြီး အဲဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်နေတယ်။

DW ။ ညီမတို့နားမှာ အလုပ်မရသေးတဲ့လူတွေ ဘယ်လောက်များလဲ။

ဖြေ ။ များတယ်အစ်မ၊ တော်တော်များတယ်။ အလုပ်မရှိသေးတဲ့လူတွေ တစ်ပုံကြီးပဲ။ တချို့တွေလည်း မေးလိုက်ရင် ကျွန်မတို့လိုမျိုး အလုပ်မရသေးတာ တစ်လ နှစ်လပေါ့။ တချို့ကလည်း လေးလ ငါးလ၊ တချို့လည်း ရှစ်လ ကိုးလ တစ်နှစ်အထိ ဘတ်မရှိလို့ အလုပ်မရသေးတဲ့လူတွေ အများကြီးရှိတယ်။ ဆယ်ဂဏန်းနဲ့ကို မနေဘူး။ တပုံကြီးရှိတယ်။ တချို့ကလည်း မိဘက ခေါ်ချလိုက်လို့ ဆင်းလာသူတွေလည်းရှိတယ်။ တချို့လည်း အလုပ်မရသေးတဲ့လူတွေ အများကြီးရှိတယ်။

DW ။ ထိုင်းကိုထွက်တာနဲ့ မြန်မာပြည်မှာနေတာ ဘယ်လိုကွာခြားမှုရှိလဲ။

ဖြေ ။ ထိုင်းကိုရောက်လာတာမှာ အလုပ်မရသေးဘူးဆိုတာ ရှိတယ်။ ကျန်တာအားလုံး လွတ်လပ်တယ်။ ပြီးရင် မြန်မာနိုင်ငံမှာဆို သိတဲ့အတိုင်းပဲလေ။ ဂါဝန်ဝတ်ရင်ဖမ်းတယ်တို့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့ အခက်အခဲ ဖြစ်နေတာတွေ မြင်ရတာ ကိုယ့်စိတ်ထဲ ဒီကိုရောက်လာတာ မှန်တယ်ဆိုထင်တယ်။ ကိုယ့်နိုင်ငံထဲမှာနေဖို့က စိတ်လည်းမပါဘူး။ ဒါကြောင့်လည်း ထိုင်းကိုထွက်လာတာ။

DW ။ ကျေးဇူးတင်ပါတယ်။

“တရားမဝင်သေးတဲ့အတွက် အရေးပေါ်အခြေအနေမှာ အခက်အခဲကြုံနိုင်တယ်”

ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ကိုမင်းမင်းဦး

DW ။ အထောက်အထားမရှိသေးတဲ့အတွက် တရားမဝင်နေထိုင်နေရတဲ့ မြန်မာအလုပ်သမားတွေ ဘာတွေ ကြုံနိုင်လဲ။

ဖြေ ။ နံပါတ် ၁ ကတော့ နေထိုင်ခွင့်ကိစ္စ။ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေ မရှိတဲ့သူတွေ သူစိမ်းတွေနဲ့ နေတဲ့သူတွေက အချိန်မရွေးပြဿနာတက်နိုင်တယ်။ ပြဿနာတက်တာက သက်ဆိုင်ရာက ဝင်ရှာတာ၊ ဘေးအခန်းက တိုင်တာ၊ အခန်းပိုင်ရှင်က တိုင်တာ‌တွေ ကြုံရနိုင်တယ်။ အဓိက လုံခြုံရေးအတွက်ပေါ့။ နံပါတ် ၂ က အလုပ်ရှာတာ။ အထောက်အထားလုံးဝမရှိတာနဲ့ အခုချိန် (တရားဝင်နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်ရရှိရန်) နာမည်စာရင်း (Name List) တင်လိုက် နိုင်တာဆိုပြီး ကွဲတာပေါ့။ နာမည်စာရင်းတင်လိုက်နိုင်တဲ့သူတွေက အလုပ်ရှာ ခဏထားဦး။ ပထမ တရားဝင် နေထိုင်ခွင့်ရမယ်။ အလုပ်ရှာလို့ရမယ်။ ဒါပေမဲ့ ဒီဘက်က အလုပ်ရှင်အစစ်နဲ့ အတည်တကျ တင်ပေးနိုင်တဲ့သူတွေနဲ့ လုပ်ဖို့တော့လိုမယ်။ နံပါတ် ၃ ကတော့ ကျန်းမာရေး။ တစ်စုံတစ်ခု ကျန်းမာရေးနဲ့ ပက်သက်တာ ထိခိုက်တာမျိုးရှိလာရင်တော့ တရားမဝင်သေးတဲ့အတွက် အရေးပေါ်အခြေအနေမှာ အခက်အခဲကြုံနိုင်တယ်။

DW ။ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ အလုပ်အကိုင်ရှာဖွေရ ဘာကြောင့် ခက်ခဲနေတာလဲ။

ဖြေ ။ ထိုင်းလဝက ဥပဒေအရက ရောက်လာတာနဲ့ မြန်မာမှာလို ဧည့်စာရင်းတိုင်ရတယ်။ သူတို့က တရားမဝင် လာတာဖြစ်တဲ့အတွက် အဲဒီမှာ ခိုးကြောင်ခိုးဝှက်နေရတာမျိုးဖြစ်ပြီ။ ကျဟာငန် (အလုပ်သမားရုံး) ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်လို့မရဘူး။ တကယ်လို့ မိသွားရင် အနည်းဆုံး နှစ်မှုပဲ။ ခိုးဝင်မှုနဲ့ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်မှု နဲ့ အချုပ်ကျမယ်။ ပြည်နှင်ဒဏ်အပေးခံရမယ်။ အခုနောက်ပိုင်းက အလုပ်ရှင်တွေကလည်း သိလာပြီလေ။ တရားမဝင်တဲ့သူကိုခန့်ရင် သူတို့လည်း ဒဏ်ကြေးထိမှာကို။ အဲဒီတော့ တရားမဝင်တဲ့သူကိုခန့်ဖို့ အဆင်မပြေကြတော့ဘူး။ အဲဒီတော့ ဘာမှမရှိသေးတဲ့ အလုပ်သမားတွေက အလုပ်ရှာဖို့ ခက်ခဲနေမှာပဲ။

DW ။ အထောက်အထားမရှိသေးတဲ့အချိန် မြန်မာအလုပ်သမားတွေ အလုပ်တစ်ခုရဖို့ အချိန်ကာလတစ်ခုအနေနဲ့ ဘယ်လောက်ကြာမယ်လို့ခန့်မှန်းလဲ။ ရရင်ကော လုပ်ငန်းခွင်ချိုးဖောက်မှုတွေ ဘယ်လိုကြုံတွေ့ရနိုင်သလဲ။

ဖြေ ။ ဒါတော့ အတည်တကျပြောလို့မရနိုင်လောက်ဘူး။ သူ့အဆက်အသွယ်နဲ့ ကံပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်တွေ အထူးသဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားခံစားခွင့် အပြည့်အဝ မပေးချင်တဲ့ အလုပ်ရှင်တွေကတော့ တရားမဝင် အလုပ်သမားတွေ ခန့်လေ့ရှိတယ်။ သူတို့ကတော့ တရားမဝင်လေ ပိုကြိုက်လေပဲပေါ့။ တကယ်လို့ ပြဿနာတစ်ခုတက်ပြီဆိုမှ အလုပ်သမားဘက်က နာတာပဲ။ ရဲဖြစ်ဖြစ် သက်ဆိုင်ရာဖြစ်ဖြစ် သူတို့နဲ့မဆိုင်ပါဘူးလို့ အကြောင်းကြားလိုက်ရင် ရပြီပဲ။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းဆိုရင် လုပ်အားခ ရှင်းပေးတဲ့အခါဆိုရင် ပထမ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပေးလိုက်မယ်။ အလုပ်သမားများလာတဲ့အချိန် နောက်ပိုင်းတွေမှာ လုပ်အားခကို နောက်ဆုတ်လိုက်တာမျိုး၊ ကြာလာတဲ့အချိန် လုပ်အားခများလာတဲ့အခါကျတော့ မပေးတော့ဘဲ ရဲတိုင်ပြီး ဖမ်းခိုင်းလိုက်တာမျိုးပေါ့။

DW ။ မြန်မာအလုပ်သမားတွေ အလုပ်မရတဲ့အခြေအနေမျိုးမှာ ဘယ်လိုလမ်းကြောင်းတွေကနေ အလုပ်ရှာသင့်လဲ။

ဖြေ ။ အလုပ်သမားက ဒီကိုရောက်ပြီးသားလူ၊ အထောက်အထားရှိပြီးသာလူဆိုရင် အလုပ်ရှာရတာပိုလွယ်တယ်။ အခွင့်အရေးလည်းရှိတယ်။ ဆိုရှယ်မီဒီယာတွေကနေခေါ်တဲ့ အလုပ်တွေကို သေချာကြည့်ပြီး လျှောက်ကြပေါ့။ အခုမှရောက်လာတဲ့သူတွေကျတော့ အရင်ကရောက်ပြီးသား အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီကနေ မေးပြီးရှာတာ အလွယ်ကူဆုံးလို့ပြောလို့ရမယ်။ သူတို့က အဆက်သွယ်ရှိပြီးသားဆိုတော့ တခြားလစ်လပ်နေတဲ့ နေရာတွေရှိရင် ပြောလို့ရတာပေါ့။

DW ။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အလုပ်မရရှိသေးတဲ့အချိန် ရှာလို့ရနိုင်မယ့် အလုပ်အမျိုးအစားတွေက စက်ရုံတို့အပြင် ဘာတွေထပ်ရှိနိုင်သေးလဲ။

ဖြေ ။ ဒါက ရောက်တဲ့နေရာပေါ်မှာ မူတည်နိုင်တယ်။ ဥပမာ ဖူးခက်တို့လို Tourism ကောင်းတဲ့နေရာမျိုးဆို ပညာအရည်အချင်းနဲ့ ဘာသာစကားကျွမ်းကျင်မှုအပေါ်မူတည်ပြီး လုပ်လို့ရတယ်။ ဒီလိုအောက်တိုဘာလ ဆို ခရီးသွားရာသီရောက်ပြီလေ။ စားသောက်ဆိုင်၊ ဟိုတယ်တို့ ဝန်ဆောင်မှုပေးတဲ့ နေရာတွေက အလုပ်တွေပေါ်နေပြီ။ ဆိုတော့ အဲဒါမျိုးတွေမှာလည်းရနိုင်တယ်။ ကိုယ့်ရဲ့အရည်အချင်းပေါ်မူတည်ပြီးတော့ အဆက်အသွယ်ရတာမျိုးတွေ လုပ်ရကြတာများတယ်။ အလုပ်တွေ အမြဲလိုအပ်နေတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စက်ရုံမျိုးတွေ ရှိတယ်။ စိုက်ပျိုးရေးလုပ်ငန်းကတော့ သိပ်မလွယ်ကူဘူး။

DW ။ တရားမဝင် ထွက်လာကြမယ့် မြန်မာအလုပ်သမားတွေကို ဘာတွေ အကြံပြုပေးချင်ပါသလဲ။

ဖြေ ။ တရားမဝင်လာတဲ့သူတွေက တိုင်းပြည်အခြေအနေအရ ထွက်လာကြတာဆိုတော့ အပြစ်ပြောလို့မရဘူး။ သူတို့ရဲ့ လုံခြုံရေးအရ အဓိက အရေးကြီးတယ်လေ။ အထူးသဖြင့် လူငယ်တွေ။ ထွက်လာပြီးမှတော့ လုံခြုံစိတ်ချရတဲ့ အနေအထားအထိ ရောက်အောင် တရားဝင်အလုပ်လုပ်ကိုင်ဖို့အချိန်အထိ လုပ်ကိုင်ကြဖို့လိုတယ်။ မူးယစ်ဆေးဝါးတွေတော့ ရှောင်ကြပေါ့။ တရားမဝင်သွားဖို့တော့ အားမပေးပါဘူး။ မဖြစ်မနေ လာရမယ်ဆိုရင်တော့ တစ်ယောက်စာအနေနဲ့ ကျန်းမာရေးအတွက် အရေးပေါ်ဆေးဝါးတွေ၊ သွားမယ့်လမ်းကြောင်းနဲ့ အချိန်၊ ကိုယ်ဆက်သွယ်ခဲ့တဲ့ ပွဲစား အဲဒါတွေသိဖို့လိုတယ်။ နောက်တစ်ခုက သတင်းအချက်အလက်၊ ကိုယ့် Location က ဘယ်မှာလည်းဆိုတာ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ သိအောင် အသုံးပြုတတ်ဖို့တော့လိုမယ်။ ထိုင်းကို ရောက်ရင်လည်း အဖွဲ့အစည်းတွေကို ဆက်သွယ်ဖို့ သံအရာရှိဖုန်းနံပါတ်တို့ ယူထားဖို့လိုတယ်။ Application တွေလည်း ထုတ်ပေးထားတယ်ဆိုတော့ သုံးတတ်အောင်လို့ လုပ်ထားကြဖို့ အကြံပေးချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။