ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

0
3861

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင် အလုပ်ရှင်သူဌေးပြောင်းသဖြင့် မြန်မာအလုပ်သမား ၁၁၀ ဦးကို နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

ကူညီဖြေရှင်းပေးရန် အလုပ်သမားများက တောင်းဆိုမှုကြောင့် NUG နှင့် ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ် အဖွဲ့တို့က အောက်တိုဘာလ ၆ ရက်တွင် စူရတ်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းနောက် အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်းပေးရာ နစ်နာကြေး ဘတ် ၁ ဒသမ ၂၅ သန်း (၁၂သိန်းခွဲ) ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားများကို ပေးအပ်ရန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် သဘောတူစာချုပ်ချုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လုပ်သက် ၆ နှစ်အထက်ရှိ အလုပ်သမား ၂၀ ဦးအတွက် ဘတ် ၆ သိန်း၊ လုပ်သက် ၅ နှစ်အထက်ရှိ အလုပ်သမား ၃၀ ဦးအတွက် ဘတ် ၄ သိန်းခွဲ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်ကြားရှိ အလုပ်သမား ၁၀ ဦးအတွက် ဘတ် ၁ သိန်းနှင့် လုပ်သက် ၄ လမှ ၁ နှစ်ကြား အလုပ်သမား ၂၀ ဦးအတွက် ဘတ် ၁ သိန်း စုစုပေါင်း ၁၂သိန်းခွဲ ရရှိမည်ဖြစ်သည်။

လုပ်သက် ၄ လ အောက် အလုပ်သမား ၃၀ ဦးအတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) စာရင်း တင်ထားပြီးဖြစ်၍ အလုပ်ရှင်က တရားဝင်အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်စာရွက်စာတမ်း (ကျန့်အော်) ထုတ်ပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိရန်အတွက် NUG ထံ တိုင်ကြားလာမှုများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၆၀၀ ‌ကျော်အထိ အလုပ်ဖြုတ်ခံခဲ့ရသည်။ ၎င်းတို့အနက် ပထုန်ဌာနီခရိုင်ရှိ Belton လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်သမား ၂၇၀ အတွက် နစ်နာကြေး ဘတ် ၅ သန်းကျော်၊ ရေသန့်ဘူးစက်ရုံတစ်ရုံက အလုပ်သမား ၂၉ ဦးအတွက် လျော်ကြေး ဘတ်ကိုးသိန်းကျော် ရရှိခဲ့သည်။

နခွန်ပထုန်ခရိုင်ရှိ Sukboontip အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၀၀ ခန့်မှာ အလုပ်ရှင်နှင့် ညှိနှိုင်းမှု အဆင်မပြေသဖြင့် အလုပ်ရှင်ကို တရားစွဲဆိုထားသည်။

စမူပရကန်ခရိုင်ရှိ Premier Canning Industry Company ငါးသေတ္တာစက်ရုံတစ်ခုမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၁၀ ဦးမှာလည်း လျော်ကြေးမရသဖြင့် အလုပ်ရှင်ကို တရားစွဲဆိုထားသည်။