အတက်၊ အကျ ကစားနေသည့် ဘတ်၊ ရွှေစျေးကွက်

0
3838

ထိုင်းဘတ်ငွေနှင့် ရွှေဈေးနှုန်းမှာ အောက်ဆုံးအထိ ပြုတ်ကျသွားပြီးနောက် ယခုအပတ်တွင် တက်ရိပ်ပြလာသည်။

ဘတ်နှင့် ရွှေဈေးမှာ တက်ရိပ်ပြနေသော်လည်း စက်သုံးဆီဈေးမှာမူ တဖြည်းဖြည်းချင်း ကျနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ကစားနေသည့် ရွှေ

တစ်ကျပ်သားလျှင် ၂၅ သိန်းကျော်အထိ ထိုးဆင်းသွားပြီးနောက် ရွှေဈေးမှာ တက်လိုက်၊ကျလိုက်ဖြင့် ကစားနေသည်။

ယခုအပတ်အတွင်း အခေါက်ရွှေပေါက်ဈေးမှာ ၂၅ သိန်းကျော်မှ  ၂၇ သိန်းကျော်အထိ အတက်အကျ ဖြစ်နေသည်။

အမေရိကန်ဒေါ်လာ အတက်အကျနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ အောက်တိုဘာလ ၃ ရက်နေ့က ငွေကျပ် ၂၅၇၀၀၀၀ ပေါက်ဈေးရှိရာက အောက်တိုဘာလ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ၂၇၂၀၀၀၀ ကျပ် ဖြစ်လာသည်။

အောက်တိုဘာလ ၇ ရက်  (သောကြာနေ့)တွင်မူ ပြန်ကျလာပြီး ထားဝယ်ဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင်   ကျပ် နှစ်ဆယ့်ငါးသိန်းခွဲ ဖြစ်သွားပြန်သည်။

ရွှေဈေးနှုန်းအကျဘက် ရောက်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပြန်သွက်နေသည်ဟု ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အခုက သီတင်းကျွတ်နား(ကာလ) မို့လား မသိဘူး အရောင်းအဝယ်သွက်နေတယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ဈေးမငြိမ်သည့် ဘတ်ဈေး

ပြီးခဲ့သည့်အပတ်က ၆၀ ကျပ်ဝန်းကျင်အထိ ဈေးကျသွားခဲ့သည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ပြန်တက်လာသည်။

အောက်တိုဘာလ ၆ ရက်(ကြာသပတေးနေ့) ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၇၇ ကျပ်ခန့် ပေါက်ဈေးရှိသည်။

ယခုအပတ်တွင် ထိုင်းဘတ်ငွေဈေးမှာ တည်ငြိမ်မှုမရှိဘဲ နေ့အလိုက် အချိန်အလိုက် အတက်အကျ အလှုပ်အခတ်များ နေသည်။

အောက်တိုဘာလ ၈ ရက်(စနေနေ့) တွင် ထိုင်းငွေ ၁၃၆၅ ဘတ် လဲလျှင် မြန်မာငွေတစ်သိန်းရပြီး  ၇၃ ကျပ်ပေါက်ဈေးရှိနေသည်။

တအိအိကျလာသည့် စက်သုံးဆီဈေး

တစ်လီတာလျှင် ၂၂၀၀ ကျပ်ဝန်းကျင်တွင် တဝဲလည်လည်ဖြစ်နေသည့် 92 ဓာတ်ဆီဈေးမှာ ယခုအပတ်တွင် ကျပ် ၂၀၀၀ အောက် ဆင်းသွားသည်။

အောက်တိုဘာလ ၃ ရက် (တနင်္လာနေ့)က တစ်လီတာလျှင် ၂၀၂၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည့် 92 ဓာတ်ဆီသည် အောက်တိုဘာလ ၅ ရက်(ဗုဒ္ဓဟူးနေ့)တွင် ၁၈၈၀ ကျပ်အထိ ဈေးကျသွားသည်။

အဆိုပါဈေးနှုန်းမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်သည်။

စစ်ကောင်စီ၏ သတ်မှတ်ဈေးမှာ မြေပြင်တွင်ရောင်းချနေသည့် နှုန်းထားနှင့် အနည်းဆုံး ငွေကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာဟနေသည်။

ပန့်ခ်ဖြင့်ရောင်းချသည့် ပြင်ပဆိုင်များတွင် မြို့ပေါ်နှင့် ကျေးလက်ဒေသအပေါ်မူတည်ကာ တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ၂၉၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးကျပြီး ပြန်တက်လာသည့် ရွှေဈေးမှာ လာမည့်အပတ်တွင် ဈေးအနည်းငယ် ကျဆင်းနိုင်မည်ဟု မျှော်မှန်းရသည်။

စစ်ကောင်စီက ရွှေဈေးထိန်းညှိရန် ရည်ရွယ်သည်ဆိုပြီး ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တွင် အခေါက်ရွှေများကို လေလံစနစ်ဖြင့် ရောင်းချနေသကဲ့သို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းကလည်း အခေါက်ရွှေရောင်းချနေသည်။

ကမ္ဘာ့ရွှေဈေးကလည်း ကျနေချိန်တွင် ထိုသို့ရောင်းချခြင်းကြောင့် လာမည့်အပတ်တွင် ပြည်တွင်းလက်ရှိပေါက်ဈေးထက် အနည်းငယ်ပြန်ကျစေနိုင်သည့် အခင်းအကျင်းဖြစ်နေသည်။

တစ်ဖက်တွင်လည်း မြန်မာ ကုန်သည်ကြီးအချို့က ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှု အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသည်။

နယ်စပ်ကုန်သွယ်ရေး ငွေပေးချေရာတွင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ကို ဘဏ်များမှတစ်ဆင့် တရားဝင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း လက်ကြီးသမားများ ဈေးကစားမှုများရှိလာသည်။

ထိုကြောင့် ငွေလွှဲများလေ့ရှိသည့် လကုန်ရက်များတွင် ဘတ်၊ ယွမ်ဈေး ကျဆင်းလာပြီး ဈေးမငြိမ်ဘဲ အတက်အကျ ကြမ်းနေသည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးမှာ လာမည့်အပတ်တွင်လည်း လက်ရှိဈေးတန်းတွင်ပင် အလှုပ်အခတ်ရှိနေနိုင်သည်။

ကမ္ဘာ့စက်သုံးဆီဈေးမှာလည်း ကျရိပ်ပြနေရာမှ တဖြည်းဖြည်းချင်း ပြန်တက်နေသကဲ့သို့ ပြည်တွင်းစက်သုံးဆီဈေးလည်း တရွေ့ရွေ့ဈေးတက်နိုင်သည်။

ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများကလည်း ရေနံစိမ်းထုတ်လုပ်မှုလျော့ချရန် အားထုတ်လာသည်။ထိုကြောင့် ကမ္ဘာ့ရေနံဈေးလည်း အတက်ဘက်တွင် ဆက်ရှိနေနိုင်သည်။

ပြည်တွင်းတွင်မူ အဆမတန်တက်ခြင်းမျိုးမဟုတ်ဘဲ တစ်လီတာလျှင် ကျပ်နှစ်ထောင်ဝန်းကျင်တွင်သာ ဆက်ရှိနေနိုင်သည်။