တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3727

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

အရပ်သားသေဆုံးမှု ခုနစ်ထောင်ကျော်သွားပြီ

လေကြောင်းပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်း ထိမှန်ကာ ကလေးငယ်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သား ခုနစ်ထောင်ကျော် သေဆုံးသွားပြီဖြစ်ကြောင်း သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က အောက်တိုဘာလ ၄ ရက်က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်အထိ အရပ်သား ၇၁၅၈ ဦး သေဆုံးသည် ဟု ဖော်ပြသည်။ သေဆုံးသူများအနက် ၂၂၉၉ ဦးမှာ ဆန္ဒပြစဉ် ပစ်ခတ်ခံရသူများ၊ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သေဆုံးသူများဖြစ်ကြောင်း ISP က ဆိုသည်။

နောက်ထပ် အရပ်သား ၁၃၁၇ ဦးမှာ လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်သေဆုံးသူများဖြစ်သည်ဟု ဆိုသည်။ အထက်ပါ အချက်အလက်များမှာ သတင်းမီဒီယာများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့ မှတ်တမ်းများကို အခြေခံထားသည်ဟု ဆိုသည်။

ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူမှာ ၃၅၄၂ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းကို ကိုးကားကာ ဖော်ပြသည်။ စစ်ကောင်စီ၏ စာရင်းကို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများက စိစစ်အတည်ပြုထားခြင်း မရှိဟုလည်း ISP က ဆိုသည်။

အရပ်သားသေဆုံးမှုမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကြောင်း ISP ထံမှ သိရသည်။

………………………………..

ပြင်းထန်သည့် ဆန်ရှင်များလုပ်ရန် တိုက်တွန်းလိုက်သည့် EU

မြန်မာစစ်တပ်နှင့်ပတ်သက်၍ ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ထပ်တိုးလုပ်ဆောင်ရန် ဥရောပသမဂ္ဂလွှတ်တော် (အီးယူပါလီမန်) က တိုက်တွန်းလိုက်သည်။

မြန်မာ့အရေးအတွက် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက်များမှာ အလုပ်မဖြစ်သဖြင့် ဖြေရှင်းနည်း အသစ်ရှာရန် ဥရောပသမဂ္ဂလွှတ်တော်ကနေတစ်ဆင့် အာဆီယံကို တိုက်တွန်းရန်လွှတ်တော်ဒုဥက္ကဋ္ဌ Heidi Hautala က တောင်းဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ်ပြုရန်လည်း တောင်းဆိုခဲ့ပြီး အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံများ ပူးပေါင်းပြီး ထပ်တိုးပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ရန် လိုကြောင်း လည်း ပြောဆိုခဲ့သည်။ ယင်းသို့မဟုတ်လျှင် EU ၏ ကြိုးပမ်းမှု အရာထင်မည် မဟုတ်ကြောင်းလည်း ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံထားရသူများ၊ ဖမ်းဆီးခံ သတင်းသမားများကို ချက်ချင်း ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုများကို ချက်ချင်းရပ်တန့်ရန်လည်း ဥရောပသမဂ္ဂလွှတ်တော်က ပြောဆိုပြီး စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားသည့် ရုရှားနှင့် တရုတ်တို့ကိုလည်း ရှုတ်ချခဲ့သည်။

………………………………..

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာထိုင်ခုံလစ်လပ်နေဦးမည်

ပြီးခဲ့သည် သြဂုတ်လက ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် လစ်လပ်နေသည့် မြန်မာထိုင်ခုံ။

လာမည့် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ထားကြောင်း ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က Mr. Chum Sunry ပြောသည်။

မြန်မာနိုင်ငံမှလွဲ၍ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ အားလုံးကို ဖိတ်ကြားထားပြီးဖြစ်ပြီး မြန်မာအတွက် နိုင်ငံရေးရာထူး မယူထားသည့် ကိုယ်စားလှယ်တစ်ဦး တက်ရောက်ရန် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ တက်ရောက်ခွင့်ရရှိခဲ့ပြီး ယင်းအစည်း အဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း အချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသဖြင့် အစည်းအဝေးများသို့ စစ်ကောင်စီ ကိုယ်စားလှယ် ထပ်မံ ဖိတ်ကြားမခံရတော့ခြင်း ဖြစ်သည်။

ယခုနှစ် သြဂုတ်လက ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးသို့လည်း နိုင်ငံရေးရာထူး မယူထားသည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ခဲ့ပြီး စစ်ကောင်စီက ငြင်းပယ်ခဲ့သဖြင့် မြန်မာထိုင်ခုံမှာ လစ်လပ်နေခဲ့သည်။

………………………………..

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ် ဦးခင်ရီဖြစ်လာ၊ ခေါင်းဆောင်ပိုင်းနေရာအချို့ မခန့်နိုင်ခဲ့

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ်အဖြစ် ရဲချုပ်ဟောင်း၊ ဝန်ကြီးဟောင်း ဦးခင်ရီဖြစ်လာပြီး ပါတီခေါင်းဆောင်ပိုင်းနေရာများကို စစ်တပ်က အငြိမ်းစားယူပြီး ပြောင်းလာသည့် ယခင်လူဟောင်းများကသာရရှိခဲ့ကာ ခေါင်းဆောင်ပိုင်းနေရာအချို့မှာမူ ခန့်အပ်နိုင်ခြင်းမရှိဘဲ ပါတီညီလာခံ ပြီးဆုံးသွားသည်။

နေပြည်တော်တွင် အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ တတိယအကြိမ် ညီလာခံတွင် နောက်ငါးနှစ် တာဝန်ယူရမည့် ပါတီအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နုတ်ထွက်သွားသည့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနေရာတွင် ပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီကို ခန့်အပ်ခဲ့သည်။ ဦးခင်ရီသည် ဗိုလ်မှူးချုပ်အဆင့်ဖြင့် စစ်တပ်က အငြိမ်းစားယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ရဲချုပ်ရာထူး၊ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လဝကဝန်ကြီး၊ စစ်ကောင်စီတွင် လဝကဝန်ကြီးရာထူးယူခဲ့သူ ဖြစ်သည်။

ဒုဥက္ကဋ္ဌ နေရာသုံးခုအနက် နှစ်ခုကို လက်ရှိဒုဥက္ကဋ္ဌတာဝန်ယူထားသည့် ဦးမြတ်ဟိန်းနှင့် ဦးလှထွန်းတို့ကိုပင် ပြန်ခန့်အပ်ခံရသည်။ ဦးမြတ်ဟိန်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) ဟောင်းဖြစ်ပြီး ဦးလှထွန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်သည်။

လောလောလတ်လတ် အငြိမ်းစားပေးထားပြီး စစ်ကောင်စီဥက္ကဋ္ဌ၏ လူရင်းများဟု သတင်းထွက်သည့် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုဗိုလ်ချုပ်ကြီး အောင်စိုးတို့မှာ ပါတီဒုဥက္ကဋ္ဌ ၁ နေရာနှင့် ပါတီအထွေထွေအတွင်းရေးမှူး နေရာတို့အတွက် သတင်းကြီးခဲ့သော်လည်း ယင်းနေရာတို့အတွက် ခန့်အပ်ခြင်း မရှိပဲ ညီလာခံပြီးဆုံးသွားခဲ့သည်။

ပါတီခေါင်းဆောင်အချို့အနားယူပြီး အပြောင်းအလဲ အနည်းငယ်ဖြစ်ရုံမှ လွဲပြီး ကြံ့ခိုင်ရေးပါတီမှာ စစ်တပ်က ပြောင်းလာသူများ ကြီးစိုးနေဆဲဖြစ်သည်။

………………………………..

မြန်မာလက်နက်ပွဲစားသုံးဦးနှင့် ကုမ္ပဏီတစ်ခုကို အမေရိကန်အရေးယူ

စစ်ကောင်စီအတွက် လက်နက်ပွဲစားလုပ်ပေးနေသူ သုံးဦးနှင့် Dynasty International Company Limited တို့ကို အမေရိကန်အစိုးရက ပစ်မှတ်ထားပိတ်ဆို့အရေးယူလိုက်သည်။

အမေရိကန် ဘဏ္ဍာရေးဌာနက အစိုးရ၏ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စာရင်းကို အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ရာတွင် Dynasty International ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ဒါရိုက်တာများဖြစ်သည့် ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာ တို့ ပါဝင်လာခြင်းဖြစ်သည်။

မြန်မာစစ်ကောင်စီအတွက် ရုရှားထုတ် စစ်လက်နက်များကို ဘီလာရုစ်နိုင်ငံမှတစ်ဆင့် ဝယ်ယူရာတွင် ပါဝင်ခဲ့သဖြင့် အရေးယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား ပံ့ပိုးကူညီနေသူများကို ဆက်လက်ပြီး ပစ်မှတ်ထားကာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

………………………………..

Puma စွမ်းအင်ကုမ္ပဏီ နုတ်ဆက်ထွက်ခွာပြီ

မြန်မာနိုင်ငံအတွက် လေယာဉ်ဆီအဓိက တင်သွင်းသည့် စင်ကာပူအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သည့် Puma Energy ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရောင်းချလိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

စင်ကာပူအခြေစိုက် Trafigura Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Puma စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ယခုနှစ်အစောပိုင်းတွင် ဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) ၏ အစုရှယ်ယာ များကို ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီထံ ရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်သည်။ သို့သော် မည်သည့်ကုမ္ပဏီအား ရောင်းချလိုက်သည်ကို အမည်နာမတပ်ဖော်ပြခြင်း မရှိပေ။

အာဏာသိမ်းပြီးနောက် လေယာဉ်ဆီတင်သွင်းမှုကို ရပ်ဆိုင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆိုသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် Puma ကုမ္ပဏီလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့သည်။ နောက်ပိုင်းတွင် အရပ်ဖက်သုံးရန်အတွက်ဟုဆိုကာ လုပ်ငန်းပြန်လည်ပတ်ခဲ့သည်။

သို့သော် Puma ၏ လေယာဉ်ဆီကို စစ်ကောင်စီက အသုံးပြုနေနိုင်ကြောင်း စိုးရိမ်ချက်များလည်း ရှိနေချိန် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။

TOTAL နှင့် Chevron စွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်နောက် နောက်ဆုံးကျန်ရစ်ခဲ့သည့် Puma လည်း ထွက်ခွာပြီဖြစ်သည်။

………………………………..

လမ်းများ အပိတ်ခံနေရသည့် စစ်ကိုင်း

စစ်ကိုင်းတိုင်းထဲက ကုန်လမ်း၊ ရေလမ်းအချို့ ယခုသီတင်းပတ်အတွင်း အပိတ်ခံထားရသည်။

ရွှေဘိုခရိုင်ရှိ ရေးဦး-ရွှေဘို ကားလမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက်မှစတင်ပြီး ပိတ်ဆို့ထားခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ရက်နေ့အထိ ကုန်တင်ကားများ၊ ခရီးသည်တင်ကား၊ အိမ်စီးကားများ တစ်ရာကျော်၊ ခရီးသည် သုံးရာကျော် ပိတ်မိနေကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းအပြင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်ကြား လမ်းပိုင်းတို့ကို အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ပြီး ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်က အရေးပေါ်လိုအပ်ချက်အရဟုဆိုကာ ပိတ်လိုက်သည်။ ယင်းလမ်းများတွင် စစ်ကောင်စီတပ်က သွားလာနေပြီး ဒေသခံများ တိုက်ပွဲကြား ပိတ်မိသွားမည်ကို စိုးရိမ်သဖြင့် ပိတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြည်သူများ ဘေးကင်းမည့်အခြေအနေရောက်မှ ဖွင့်ပေးမည်ဟု ဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေးက ခင်ဦးမြို့နယ်တွင်လည်း မြစ်ကြောင်းကနေ သွားလာသည့် စက်တပ်ရေယာဉ်များအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ကျေးရွာများကို မကပ်ကြရန် ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ယင်းထုတ်ပြန်ချက်မှာ အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ သတ်မှတ်ထားသည်ဟုဆိုသည်။

………………………………..

ဒုက္ခသည်များကို အတင်းနေရပ်ပြန်ခိုင်းနေပြီ

ဒေသတည်ငြိမ်ပြီဟုဆိုကာ ရခိုင်၊ ချင်း၊ ကယားနှင့် ရှမ်းပြည်နယ်တို့က စစ်ဘေးရှောင်ဒုက္ခသည်များကို အောက်တို ဘာလကုန် နောက်ဆုံးထားပြီးနေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးညွှန်ကြားနေကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူကာ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး ဖိအားပေးနေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေသလို ကယားနှင့် ရှမ်းပြည်နယ်တို့တွင်လည်း တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ဘေးရှောင်အရေအတွက်မှာ တိုးတိုး၍ လာနေသည်။

လုံခြုံရေးအာမခံချက်မပေးနိုင်သည့် ယင်းသို့အခြေအနေမျိုးတွင် စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်သို့ အတင်းပြန်ခိုင်းခြင်းမှာ မဖြစ်သင့်ကြောင်း ထောက်ပြမှုများရှိသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးကြရသည့် စစ်ဘေးရှောင် တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

………………………………..

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများကို ထိုင်းဘက်က ပြန်ပို့

တိုက်ပွဲကြောင့် ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခိုလုံလာသည့် စစ်ဘေးရှောင် ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ တစ်ရာကျော်ကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်များကို ရေစီးသန်နေသည့် သောင်ရင်းမြစ်ကို ဖြတ်ခိုင်းပြီး စက်တင်ဘာလ ၃၀ ရက်က မြန်မာဘက်ခြမ်းသို့ ထိုင်းအာဏာပိုင်များက ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ယင်းသို့ ပြန်ပို့စဉ် လှေနှစ်စီး တိုက်မိသဖြင့် နစ်မြုပ်မလိုဖြစ်ခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရသည်။

တိုက်ပွဲများကြောင့် အသက်ဘေးနှင့်ကြုံရချိန် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလုံကြပြီး အပစ်အခတ်ရပ်သွားချိန်တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ပြန်ပို့လေ့ရှိသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ သို့သော်လက်ရှိ အခြေအနေ တွင် နေရပ်ပြန်လျှင် အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ချိန် ထိုင်းဘက်က အတင်းပြန်ပို့နေခြင်းဖြစ်ကြောင်း KHRG က ထောက်ပြသည်။

ထိုင်းဘက်ခြမ်းတွင် ခိုလုံနေသည့် အသက်မပြည့်သေးသည့် ကျောင်းသား ကျောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများသည် မိုးထဲရေထဲတွင် ဒုက္ခခံကာ နေထိုင်နေကြရပြီး အရေးအပေါ်အထောက်အပံ့များ လိုအပ် နေသည်ဟုလည်း ဆိုသည်။

………………………………..

သတင်းစာဆရာ ဦးစည်သူအောင်မြင့် အလုပ်နှင့်ထောင်သုံးနှစ်ချခံရ

သတင်းသုံးသပ်ချက်များ ရေးသားလေ့ရှိပြီး မြန်မာသတင်းမီဒီယာလောကတွင် လူသိများသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။

စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက အောက်တိုဘာလ ၇ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ချမှတ်နိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၁၂၄ (က) ဖြင့် စွဲဆိုထားသည့်အမှုနှင့် ဗဟန်းမြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် နောက်ထပ် ပုဒ်မ ၅၀၅ (က) အမှုနှစ်ခု တို့ကိုလည်း ဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဦးစည်သူအောင်မြင့်ကို ဘီဘီစီ မီဒီယာအက်ရှင်၏ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နှင့်အတူ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့တွင် ဗဟန်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မထက်ထက်ခိုင်ကိုမူ ပုဒ်မ ၅၀၅ (က) ၊ မတရားသင်း ဆက်သွယ်မှု ပုဒ်မတို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ထားသည်။

………………………………..

ကြွေလွင့်သွားသည့် ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ

ယခုသီတင်းပတ်အတွင်း ခေတ်ပေါ်ကဗျာဆရာ ကြည်ဇော်အေး၊ ကာတွန်းဆရာ ရာဇာသာစည်၊ ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေးတို့ ကွယ်လွန်သွားကြသည်။

ကဗျာ၊ အက်ဆေး စာအုပ်များစွာထုတ်ဝေခဲ့ပြီး ကဗျာဆု များစွာရရှိခဲ့ကာ စာပေအသိုင်းအဝိုင်းအပြင် အင်တာနက် လူမှုကွန်ရက် အသုံးပြုသည့် လူငယ်များကြား ရေပန်းစားသည် ကဗျာဆရာ ကြည်ဇော်အေးမှာ ဦးနှောက်သွေးကြော ပေါက်ပြီး ရန်ကုန်ဆေးရုံကြီးတွင် အောက်တိုဘာလ ၃ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်။

‘တော်လှန်ရေးသမား တစ်ယောက်ရဲ့အတ္ထုပတ္တိ’ ကဗျာမှာ ထင်ရှားသလို နောက်ဆုံးရေးသားခဲ့သည့် အက်ဆေး စာအုပ်ဖြစ်သည့် ‘ကော်ဖီခံစားမှုများ’ မှာလည်း လူကြိုက်များသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် မွေးဖွားခဲ့သည် ကဗျာဆရာ ကြည်ဇော်အေးသည် အောက်တိုဘာလ ၄ ရက်တွင် ၄၄ နှစ်ပြည့်မည်ဖြစ်ပြီး မွေးနေ့မရောက်ခင် တစ်ရက်အလိုတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

အသက် ၇၄နှစ်အရွယ် ဝါရင့်ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေးမှာ အဆုတ်ကင်ဆာရောဂါဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် မန္တလေးမြို့က နေအိမ်တွင် ကွယ်လွန်သွားသည်။ ဖလင်ခေတ်မှ ဒစ်ဂျစ်တယ်ကင်မရာခေတ်အထိ ပါဝင်ခဲ့သည့် ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေးသည် အထက်မြန်မာပြည် ဓာတ်ပုံအသင်း၏ နာယကတစ်ဦး ဖြစ်သလို မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ရာသက်ပန်အသင်းသားတစ်ဦးလည်းဖြစ်သည်။ ပြည်တွင်း ပြည်ပက ဓာတ်ပုံ ဆုပေါင်း မြောက်များစွာကိုလည်း ဆွတ်ခူးခဲ့သူ ဖြစ်သည်။

နိုင်ငံရေးသရော် ကာတွန်း၊ ခေတ်သရော် ကာတွန်းများရေးဆွဲနေသည့် ကာတွန်းဆရာ ရာဇာသာစည်မှာ ငှက်ဖျား ရောဂါဖြင့် မန္တလေးက နေအိမ်တွင် ကွယ်လွန်သွားသည်။ ၎င်းမှာ အသက် ၄၄နှစ်ပြည့် မွေးနေ့ဖြစ်သည့် အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် ကွယ်လွန်သွားခြင်းဖြစ်သည်။

………………………………..

ဂျပန် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တူရူကူဘို ထောင် ၇နှစ်ချခံရ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို မှတ်တမ်းရိုက်ကူးနေစဉ် ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တူရူကူဘိုကို စစ်ကောင်စီက အောက်တိုဘာလ ၅ရက်တွင် ထောင်ဒဏ် ၇နှစ် ချမှတ်လိုက်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နှင့် အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) တို့အတွက် ထောင်ဒဏ် ၇နှစ် တစ်ပေါင်းတည်း ချမှတ်လိုက်ခြင်းဖြစ်သည်။ လဝက အက်ဥပဒေ ပုဒ်မ ၃၁ (၁) အမှုအတွက် ဆက်လက်တရားရင်ဆိုင်ရဦးမည်ဖြစ်သည်။

တူရူကူဘိုသည် ထိုင်းကနေ တိုးရစ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲ များကို မှတ်တမ်းရိုက်ကူးနေစဉ် ဇူလိုင်လ ၃၀ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆိုနေသည့်ကြားက ထောင်ဒဏ်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

………………………………..