ထိုင်းမူကြိုကျောင်းဝင်းအတွင်းပစ်ခတ်မှု ကလေးငယ် ၂၂ဦးအပါအဝင် ၃၆ဦးထက်မနည်းသေဆုံး

0
4488

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်တွင် မူကြိုကျောင်း နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်အများစု အပါအဝင် ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းဗဟိုထောက်လှမ်းရေးအဖွဲ့ (CIB) က ထုတ်ပြန်ထားသည်။

နွန်ဘိုဝါလမ်ဖူခရိုင် ဥထိုင်းစဝမ်နာ့ကလမ်းဒေသရှိ မူကြိုကျောင်းတွင် ကလေးငယ်များ အိပ်ပျော်နေချိန် ယနေ့ အောက်တိုဘာလ ၆ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ်များဖြစ်ပြီး ၂၂ ဦး ပါဝင်နေကြောင်း ရဲတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သေနတ်သမားသည် ကျောင်းဝင်းအတွင်းရှိ ကလေးငယ်များနှင့် ကျောင်းဝင်းအတွင်းရှိသူများကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လည်း လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။

ပစ်ခတ်ခဲ့သူသည် အသက် ၃၄ နှစ်အရွယ်ရှိ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကာ ၎င်းကိုယ်တိုင်နှင့် ဇနီးဖြစ်သူ၊ ကလေးကိုပါ ပစ်သတ်ထားခဲ့ကြောင်း ဖော်ပြသည်။

မူကြိုကျောင်းဝင်းအတွင်း ပစ်ခတ်မှုအကြောင်းရင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။