ရေကြည်ငါး (ငါးနီတူ) ခြောက်တစ်ပိဿာ ယမန်နှစ်ထက် ကျပ်ငါးထောင်ဈေးတက်

0
4059
လောင်းလုံးမြို့နယ် ကမ်းခြေတစ်ခုရှိ ရေကြည်ငါးလုပ်ငန်းခွင်

ထားဝယ်တွင် ရေကြည်ငါး (ခေါ်) ငါးနီတူခြောက် ယခုနှစ် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာလျှင် ယမန်နှစ်ထက် ကျပ်ငါး ထောင်ဈေးတက်နေကြောင်း ရေကြည်ငါးရောင်းချသူများထံမှ သိရသည်။

ရေကြည်ငါးထွက်ချိန် ယခုလို အောက်တိုဘာလတွင် ယမန်နှစ်က တစ်ပိဿာလျှင် အသေးအကြီးပေါ်မူတည်၍ ငွေကျပ် ကိုးထောင် တစ်သောင်းဝန်းကျင်ခန့်ရှိရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်နေရကြောင်း ရေကြည်ငါး ဝယ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနှစ်က စရိတ်နဲ့ စက်သုံးဆီဈေးတွေ ကြီးမြင့်နေတော့ (တစ်ပိဿာ) တစ်သောင်းအထက်ကပဲ ရှိမယ်။ အဲဒီထက်လျော့ဖို့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိထားဝယ်ဒေသ၏ ရေကြည်ငါး အများဆုံးထွက်ရာဒေသများဖြစ်သည့် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ညောပြင်ကျေးရွာတို့တွင် ရေကြည်ငါးလုပ်ငန်းလုပ်ရန် ပြင်ဆင်နေဆဲသာရှိသေးကြောင်း စမ်းလှမ်းရွာသူတစ်ဦးက ပြောသည်။

“လှေတွေကတော့ သီတင်းကျွတ်ပြီးမှ ထွက်ဖို့ပြင်နေကြတယ်။ နေကလည်း သိပ်မပူသေးတော့ ရေကြည်ငါး လုပ်ငန်းခွင်အတွက် ပြင်နေတုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိ ထားဝယ်ဈေးကွက်တွင် ရောင်းချနေသည့်ရေကြည်ငါးမှာ မြိတ်ဒေသနှင့် သရက်ချောင်းမြို့နယ် ကင်းမွန်းချုံ ဒေသဘက်မှထွက်သော ရေကြည်ငါးဖြစ်ပြီး သယ်ယူစရိတ်ကြီးမြင့်သည့်အတွက် ဈေးပိုပေးရကြောင်း ရေကြည်ငါး ရောင်းဝယ်သူအချို့ ပြောသည်။

“အခုချိန် တစ်ပိဿာ တစ်သောင်းခွဲဝယ်ရောင်းလို့ ကျွန်မတို့မကိုက်ဘူး။ ကျွန်မကတော့ မနှစ်ကလက်ကျန် တစ်ပိဿာ တစ်သောင်းသုံးထောင်နဲ့ ရောင်းနေတယ်” ဟု အထက်ပါ ရေကြည်ငါးဝယ်ရောင်းသူ အမျိုးသမီးက ဆိုသည်။

ယခင်နှစ်က စားသုံးသူဈေးကွက်တွင် ရေကြည်ငါး‌ခြောက် နို့ဆီဘူး တစ်ဘူးကို ကျပ်ငါးရာခန့်ပေးရသော်လည်း ယခုနှစ်တွင် အသေးအကြီးအပေါ်မူတည်၍ ကျပ်တစ်ထောင်ခန့်မှ တစ်ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း စားသုံးသူများထံမှ သိရသည်။

ရေကြည်ငါးလုပ်ငန်းကို ထားဝယ်ဒေသတွင် သီတင်းကျွတ်လမှစ၍ တန်ခူးလအထိ လုပ်ကိုင်လေ့ရှိကြပြီး အချို့လုပ်ငန်းရှင်များကမူ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံအထိပါ စီးပွားဖြစ် တင်ပို့ရောင်းချလေ့ရှိကြကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ထားဝယ်တွင်မူ ရေကြည်ငါးခြောက်ကို ကြက်ဥဘဲဥများဖြင့်ရောနှောပြီး ဟင်းချက်စားလေ့ရှိကာ ဆီဖြင့် ကြော်လှော်ပြီး စားသုံးကြသည့်အပြင် ဒေသတွင်း ခရီးသွားမိတ်ဆွေအချင်းချင်း ဝယ်ယူ၍ အပြန်အလှန်လက်ဆောင်လည်း ပေးကြသည်။

ပွင့်လင်းရာသီတွင် ရာသီပေါ် ထန်းရည်ခါး (ခေါ်) ထန်းအရက်ဆိုင်များတွင်လည်း ကြက်သွန်နီဖြင့်သုပ်ပြီး စားစရာတစ်မျိုးအဖြစ် ထန်းအရက်နှင့်တွဲပြီး သောက်သုံးလေ့ရှိကြသည်။