ရေးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
3815

မွန်ပြည်နယ်၊ ရေးမြို့ သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦး ယနေ့နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

အသက် ၅၀ ခန့်ရှိ ဦးမင်းသိန်းဦးသည် နေအိမ်အနီးရှိ စျေးဆိုင်တွင် စျေးဝယ်နေစဥ် ပစ်သတ်ခံရသည်ဟု ဒေသခံများကဆိုသည်။

”သူ့အိမ်အနားက မုန့်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ အပစ်ခံရတာဖြစ်တယ်၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (Mon State Revolutionary Organization) ကပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမင်းသိန်းဦးသည် ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး ၎င်းကြောင့် ဖမ်းဆီးခံရသူများရှိနေသည့်အတွက် ယခုလို ရှင်းလင်းခဲ့သည်ဟုလည်း MSRO အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ရေးမြို့နယ်၊ ‌ကျူံလောင်းရွာဟောင်းမှ  ဦးအောင်မြင့်ဆိုသူကို စစ်ကောင်စီအား သတင်းပေး၍ အောက်တိုဘာ ၄ ရက်နေ့ မနက်က နေအိမ်တွင် ပစ်သတ်ခဲ့ကြောင်း MSRO အဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူများကို ဒေသတွင်း လှုပ်ရှားနေသည့် တပ်ဖွဲ့များက မကြာခဏ ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီသတင်းပေးပြီး ဒလန်လုပ်နေသူများကို ဆက်လက်ရှင်းလင်းသွားမည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။