ပုလောနန်းတောင်ရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်

0
3913

ပုလောမြို့နယ်၊ အရှေ့ဖျားရွာများ၏ ဝင်ပေါက်တစ်ခုဖြစ်သည့် နန်းတောင်ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရုပ်သံမှတ်တမ်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေးနေသည့် နန်းတောင်လမ်းဆုံဂိတ် နှစ်နေရာကို အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးနှစ်လုံးချကာ တိုက်ခိုက်ခဲ့သည်ဟု ယနေ့ညနေတွင် မှတ်တမ်းဗွီဒီယို ထုတ်ပြန်ခဲ့သည်။

ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ကားဖြင့်သယ်ဆောင်ကာ ၂၈၅ တပ်သို့ ဝင်ရောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF(ပုလော)နှင့် မဟာမိတ်တပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့လည်းဒီသတင်း ကြားရတယ်။ဒရုန်းနဲ့ပစ်တယ်လို့တော့ အတိအကျမသိဘူး။ အဲဒီအချိန်လောက်က ဂျက်ဂါနဲ့မှော်မိဖက်ကို လက်နက်ကြီးတွေနဲ့ ထု(အသံကြား)လိုက်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ပဝတ်ကုန်းရွာရှိ စစ်ကောင်စီတပ်ကို K-PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။