ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ထောင်တစ်သက်ချနိုင်သည့်ပုဒ်မဖြင့် တရားစွဲခံရ

0
4492

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲထားကြောင်း ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။

ကိုမျိုးမင်းဦးကို စက်တင်ဘာလ ၁၂ရက်က ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ အလုပ်တွင် အရပ်ဝတ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်ရဲစခန်းတွင် တစ်ရက်နှင့် တစ်ည စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် ထားဝယ်မြို့နယ် ရဲစခန်းသို့ ရောက်ရှိကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ပြီးနောက် ထားဝယ်ထောင်ချုပ်သို့ ပြောင်းရွှေ့ခံရကြောင်း မိသားစုဝင်က ပြောဆိုသည်။

ယင်းနောက် အောက်တိုဘာလ လဆန်းပိုင်းတွင် ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် စစ်ကောင်စီက တရားစွဲပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း မိသားစုဝင်က ဆက်လက်ပြောဆိုသည်။

“ထင်တာတော့ ၅၀ (ည) ဆိုတော့ သူတို့သူငယ်ချင်း အသိုင်းအဝိုင်းတွေနဲ့ အဆက်အသွယ်လုပ်လို့ပဲ ဖြစ်လားပေါ့ နော်။ အဲဒီလိုပဲ ထင်တယ်။ ထောင်ထဲက ထွက်လာပြီး ပြန်ပြီးအဖမ်းခံရတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ကိုမျိုးမင်းဦး အဖမ်းမခံရမီ စက်တင်ဘာလ ၁၁ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၎င်း၏ သူငယ်ချင်း) ကိုအောင်ဝေယံထွန်းလည်း အဖမ်းခံခဲ့ရသေးသည်။

အသက် ၂၁ နှစ်ခန့်အရွယ် ကိုမျိုးမင်းဦးမှာ ထားဝယ်နည်းပညာတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားဖြစ်ပြီး ၂၀၂၁ ခုနှစ်က မေလဆန်းပိုင်းတွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

၎င်းကို ၅၀၅ (က) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး ၆ လခန့်အကြာ သီတင်းကျွတ်ကာလတွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ယင်းနောက် တစ်နှစ်မပြည့်ခင် ပြန်လည်ဖမ်းဆီးခံရကာ ပုဒ်မ ၅၀ (ည) ဖြင့် ထပ်မံစွဲဆိုခံထားရခြင်းဖြစ်သည်။

“မျိုးမင်းဦးက ပြန်လွတ်လာတာမှ တနှစ်မပြည့်သေးဘူး၊ ပြန်အဖမ်းခံလိုက်ရတယ်ပေါ့နော်။ ဒီတော့ အချိန်မရွေး အကြောင်းအမျိုးမျိုးပြပြီး ပြန်ဖမ်းလို့ရနေတယ်ဆိုတာ အသေအချာပဲ။ (စစ်ကောင်စီကို) သူတို့ကို ဘာမှ ယုံစရာ မရှိဘူး။ အခု တရားစွဲထားတာကလည်း ထောင်ဒဏ်နှစ်ရှည်ကျခံရတဲ့ ပုဒ်မဆိုတော့ အဲဒီအပေါ်မှာ ခံပြင်းမိတယ်ပေါ့” ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဒ်မ ၅၀ (ည) မှာ အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးထောက်ပံ့ခြင်း၊ အာပေးကူညီခြင်း၊ ငွေတိုက်စာချုပ် ဝယ်ခြင်း၊ ထီကံစမ်းခြင်းစသဖြင့် တနည်းနည်းဖြင့် ငွေကြေးထောက်ပံ့ကူညီခြင်းအတွက် စွဲဆိုသည့် ပုဒ်မဖြစ်သည်။

ယင်းသို့ ထောက်ပံ့ကူညီသူကို ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်အရေးယူနိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယင်းအပြင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) အရလည်း အရေးယူနိုင်ပြီး ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်ထက် မပိုသောပြစ်ဒဏ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပုဒ်မ ၅၀ ညဖြင့် စစ်ကောင်စီက တရားစွဲဆို သူများကို အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ထားတာကို တွေ့ရသည်။