ပုလော-မြိတ် လမ်းတစ်လျှောက် မိုင်းဆွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်နေ

0
4236

ပုလော-မြိတ် ပြည်ထောင်စုလမ်းတစ်လျှောက်တွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုင်းပေါက်ကွဲခြင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၆ နာရီဝန်းကျင် တပိုရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ကွဲခဲ့ပြီး နံနက် ၇ နာရီဝန်းကျင်တွင်လည်း သင်္ကန်းတောရွာနှင့် ကဒဲရွာအကြား မိုင်းပေါက်ကွဲသံ ထပ်မံကြားရကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများလည်း ကြားရကြောင်း ၎င်းတို့က ဆိုသည်။

“မြိတ်ဖက်က စစ်ယာဉ်တန်းတက်လာတယ်။ ကားတစ်စီးလည်း ထိသွားတယ် ကြားရတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ လက်နက်ကြီးတွေ ပစ်သံလည်းကြားနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် နံနက် ၈ နာရီတွင်လည်း ခမောင်းတောရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ၁၀ မိနစ်ခန့် ကြားရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းနောက် နံနက် ၁၁ နာရီခန့်တွင်လည်း ခမောင်းတောရွာဖက်က တကျော့ပြန် အပြန်အလှန်ပစ်ခတ်သံ ထပ်မံကြားရသေးကြောင်း မင်းထိန်ရွာ ဒေသခံတစ်ဦးက ပြောသည်။

“အခု ၁၁ နာရီလောက်မှာ ခမောင်းတောဖက် ပွဲပြန်ကြမ်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆယ်မိနစ်လောက် နှစ်ဖက်ပစ်ပြီး အခုပြန်ငြိမ်သွားပြီ” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ပြောဆိုသည်။

ယင်းဖြစ်စဉ်များကြောင့် စာသင်ကျောင်းအချို့ ပိတ်လိုက်ပြီး အနီးအနား နေထိုင်သူများသည်လည်း
ဘေးလွတ်ရာ ထွက်ပြေးကြရကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ယနေ့ နံနက် ၄ နာရီကလည်း ပုလောမြို့နယ် ထမင်းမစားရွာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများမှ ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

တမင်းမစားရွာတွင် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ် ၂ လုံး မီးရှို့ခံရသည်။