တနင်္သာရီ ညောင်ပင်ကွင်းရွာသားတစ်ဦး အသတ်ခံရ

0
1525

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာသား ကိုရဲမွန်ဆိုသူကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အသက် ၃၅နှစ်အရွယ် ကိုရဲမွန်သည် စက်တင်ဘာလ ၂၅ရက်က ရွာအနီးဝန်းကျင်က ရေတံခွန်သို့ ကားအငှားလိုက်သွားရာ လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း ညောင်ပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

ကိုရဲမွန်ကို စက်တင်ဘာလ ၂၅ ရက် ရက်က ရှင်းလင်းလိုက်ကြောင်း တနင်္သာရီ-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆) ထုတ်ပြန်သည်။

၎င်းသည် တော်လှန်ရေးအဖွဲ့နှင့် သက်ဆိုင်သူများကို ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီတပ်အတွက် ဒလန် (သူလျှို) သတင်းပေးလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ရှင်းလင်းမှုမှာ ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှု မရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။

ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီတပ်ရှိပြီး ကိုရဲမွန်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာလေ့ရှိကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

“သူက စစ်တပ်သတင်းပေးဆိုပြီး နာမည်ထွက်နေတာ တော်တော်ကြာပြီ။ မနေ့က ရေတံခွန်သွားဖို့ ကားအငှား လိုက်သွားတာ လမ်းမှာ PDF တွေ ဖမ်းပြီး ရွာသားတွေကိုတော့ ပြန်လွှတ်လိုက်တယ်။ အလောင်းတော့ မတွေ့ရ သေးဘူး” ဟု ညောင်ပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

ရဲမွန်ဆိုသူသည် ရွာတွင် မိတ္တူဆိုင်နှင့် ဖုန်းအရောင်းဆိုင် ဖွင့်ထားပြီး ဓါတ်ပုံရိုက်သည့် လုပ်ငန်းလည်း လုပ်ကိုင်သူ ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်း၏ ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်းဖြစ်ပြီး ညီဖြစ်သူမှာလည်း စစ်ကောင်စီတပ်က စစ်ဗိုလ်တစ်ဦးဖြစ်ကာ ၎င်းကိုယ်တိုင်သည်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလေ့ရှိသူဖြင့် ဒလန်ဟု သတင်းထွက်ကြောင်း ၎င်းက ပြောဆိုသည်။

ညောင်ပင်ကွင်းရွာတွင် ပြီးခဲ့သည် ဧပြီလ ၁၁ ရက်ကလည်း ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးဌေးဦး ပစ်သတ်ခံ ရသေးသည်။

၎င်းကျေးရွာတွင် စစ်ကောင်စီတပ် ကက (ကြည်း) ပိုင် ရော်ဘာမိုင်းခံစက်ရုံကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များ က မေလအတွင်းက မီးရှို့ခဲ့ကြသေးသည်။