တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3861

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချသည့် လက်ယက်ကုန်းဖြစ်ရပ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ် လေကြောင်းဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁၁ဦး အပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်သည်။

အတွင်းရေးမှူးချုပ်၏ ပြောဆိုချက်ကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

စာသင်ကျောင်းနှင့် ဆေးရုံများမှာ လက်နက်ကိုင်ပဋိပက္ခများအတွင်းမှာပင် ဘေးကင်းလုံခြုံသည့် နေရာဖြစ်ရမည် ဖြစ်ပြီး စာသင်ကျောင်းကို တိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြစ်တင်ရှုတ်ချထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှု ခြောက်ခုထဲတွင် တစ်ခုပါဝင်ကြောင်း ဆိုသည်။

အရပ်သားပြည်သူများ၏ နေရာများကို မတိုက်ခိုက်ရန် ပြောဆိုပြီး မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများ တာဝန်ခံမှုရှိအောင် ဆောင်ရွက်မည်ဟုလည်း အတွင်းရေမှူးချုပ်က ပြောဆိုသည်။

လက်ယက်ကုန်းရွာမှာ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှုခံရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာအဖွဲ့အစည်းများ ချက်ချင်းမတုံ့ပြန်သည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။

သုံးရက်အကြာ စက်တင်ဘာလ ၁၉ ရက်တွင် UNICEF က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်လာပြီး စက်တင်ဘာလ ၂၀ ရက်တွင် Save The Children အဖွဲ့က ထုတ်ပြန်လာသည်။ သို့သော် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို ထည့်သွင်း မဖော်ပြသဖြင့်လည်း ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီတပ်ကမူ KIA နှင့် PDF တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့များက ဒေသခံများကို လူသားဒိုင်းလုပ်သဖြင့် အရပ်သားများ သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံများကမူ တိုက်ပွဲ မရှိဘဲ ပစ်ခတ်လာခြင်းဖြစ်ကြောင်း မီဒီယာများတွင် ပြောဆိုထားသည်။

………………………………..

မြန်မာစစ်ဗိုလ်များကို သင်တန်းပေးမှု ဂျပန်ရပ်ပြီ

မြန်မာစစ်တပ်က ဗိုလ်လောင်းများအား သင်တန်းပေးမှုကို လာမည့်နှစ်မှစတင်ကာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

အာဏာသိမ်းထားသည့် မြန်မာ့စစ်တပ်က စေလွှတ်သည့် ပညာတော်သင်များကို ဆက်လက်လက်ခံသင်ကြားပေးခြင်း မှာ မသင့်တော်တော့သဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး ရပ်ဆိုင်းတော့မည်ဟု ဝန်ကြီးဌာနက ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောဆိုချက်ကို ဘီဘီစီသတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် မြန်မာစစ်တပ်က ပညာတော်သင် ၁၁ ဦးမှာ ဂျပန်အမျိုးသားကာကွယ်ရေး အကယ်ဒမီနှင့် အခြားပညာရပ် ဆိုင်ရာကျောင်းများတွင် တက်ရောက်နေပြီး ၎င်းတို့ကိုမူ သင်တန်းပြီးဆုံးသည်အထိ လက်ခံသွားမည်ဟု ဆိုသည်။

သင်တန်းပေးမှုကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ထောက်ပြပြီးနောက်တွင် ဂျပန်ဘက်က ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

………………………………..

မြန်မာအရေး ဂျိုးဘိုင်ဒန်ဘာပြောလဲ

မြန်မာစစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားလူနည်းစုများအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ၂၁ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောရာတွင် မြန်မာ့အရေးထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြောဆိုခဲ့သလို တာလီဘန်များ၏ ဖိနှိပ်မှုကို ခံနေရသည့် အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးများ၊ ပြည်သူလူထုအခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြနေကြသည့် အီရန်က ပြည်သူများနှင့်လည်း အတူရပ်တည်ကြောင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။

ကမ္ဘာကြီး၏ မည်သည့်နေရာတွင်မဆို လူ့အခွင့်အရေးချိုးဖောက်မှုကို ခွင့်မပြုနိုင်ကြောင်းလည်း ဆိုသည်။

………………………………..

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အပြောင်းအလဲ

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးသန်းဌေး

ကြံ့ခိုင်ရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေး ကျန်းမာရေးကြောင့်ဟုဆိုကာ နုတ်ထွက်သွားပြီး ယင်းနေရာကို စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ လောလောလတ်လတ် အနားယူထားသည့် ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီ ရယူလိုက်သည်။

ဦးခင်ရီသည် စစ်ကောင်စီ လဝက ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ အနားယူချိန်ကပင် ပါတီဥက္ကဋ္ဌ ဖြစ်လာတော့မည်ဟု သတင်းများ ထွက်နေခြင်းဖြစ်သည်။

ဦးသန်းဌေးသည် စက်တင်ဘာလ ၁၄ရက်တွင် ခါးခွဲစိတ်ထားပြီး ကျန်းမာရေးအခြေအနေကြောင့် ဗဟို အလုပ် အမှုဆောင် အစည်းအဝေးခေါ်ပြီး ဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည် ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။ နောက်လတွင် လုပ်မည့် ပါတီညီလာခံတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်မည်ဟုလည်း ၎င်းက ဆိုသည်။

ရဲချုပ်ဟောင်းဖြစ်သည့် ဦးခင်ရီမှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုဝန်ကြီးတာဝန် ရယူခဲ့သူဖြစ်သည်။

………………………………..

မူးယစ်ဆေးအမှုဖြင့် ထိုင်းတွင် အဖမ်းခံရသည့် မြန်မာ လက်နက်ပွဲစား

စစ်ကောင်စီနှင့်နီးစပ်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် Star Sapphire Group လုပ်ငန်းစုပိုင်ရှင် ဒေါက်တာ ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၁ရက်တွင် ထုတ်ပြန်သည်။

၎င်းသည် စစ်ကောင်စီအတွက် လက်နက်တင်သွင်းသူဖြစ်ကြောင်း Justice for Myanmar အဖွဲ့က ဆိုသည်။

အသက် ၅၃နှစ်အရွယ် ဒေါက်တာထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား သုံးဦးနှင့်အတူ စက်တင်ဘာလ ၁၇ ရက်တွင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် တန်ဖိုးကြီးပစ္စည်းများ စုစုပေါင်း ထိုင်းဘတ် သန်းနှစ်ရာခန့်ဖိုးကိုလည်း ဖမ်းမိပြီးနောက် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ကိုလည်း သိမ်းဆည်းလိုက်သည်ဟု ဆိုသည်။

ဒေါက်တာထွန်းမင်းလတ်သည် သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်ကာ စစ်ကောင်စီအတွက် လက်နက် ဝယ်ပေးနေသူဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

စာအုပ်တိုက်များ ဆက်တိုက်အပိတ်ခံရ

အာဏာသိမ်းပြီးနောက် အပိတ်ခံရသည့် စာအုပ်တိုက် ခုနစ်ခုအထိရှိလာပြီး စာအုပ်တိုက်များမှာ ယခုနှစ် ဧပြီလမှစတင်ကာ ဆက်တိုက်အပိတ်ခံရခြင်းဖြစ်သည်။

‘မှားယွင်းသော ဗုဒ္ဓဘာသာကို ဖြေရှင်းခြင်း လောကစာတမ်း (အတွဲ ၆)’ ဆိုသည့် စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် သံလွင်ပုံနှိပ်တိုက်နှင့် ဉာဏ်အလင်းစာပေတို့ကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက် တွင် ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သည်။ ဗုဒ္ဓဘာသာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလတွင် ယောင်္ကျားချင်းချစ်ကြိုက်မှု ဇာတ်လမ်းရေးသားထားသည့်စာအုပ်ထုတ်ဝေသဖြင့် ရွှေလာဘ် စာအုပ်တိုက်ကို ထုတ်ဝေခွင့် ရုပ်သိမ်းခဲ့သည်။ ယင်းလတွင်ပင် လူသေလူဖြစ်ဝါဒ စာအုပ်ကို ပြန်လည်ထုတ်ဝေခဲ့သည့် ဝင်းတိုးအောင်ပုံနှိပ်တိုက်နှင့် ရန်အောင် စာပေတိုက်တို့ကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပြီး စာအုပ်တိုက်ကို တရားစွဲခဲ့သည်။

နောက်လ မေလ ၂၈ရက် လွင်ဦးစာပေတိုက်ကို ပိတ်လိုက်ပြန်သည်။ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု အကြောင်း စာအုပ်ကို ထုတ်ဝေမှုကြောင့်ဖြစ်သည်။

ဩဂုတ်လတွင်လည်း ညစ်ညမ်းစာပေ ထုတ်ဝေသည်ဟုဆိုကာ ကံကောင်းခြင်းအိမ်ငယ်လေး စာအုပ်တိုက်ကို ထုတ်ဝေခွင့် ရုပ်သိမ်းခဲ့သည်။ သတင်းမီဒီယာ လုပ်ငန်းများကိုပါ ပိတ်သိမ်းနေသဖြင့် စာပေအမှောင်ခေတ်သို့တစတစ ပြန်ရောက်လာပြီဟု ဝေဖန်မှုများလည်း ရှိနေသည်။

………………………………..

ရုရှားငွေပေးချေမှုစနစ်သုံးဖို့ စစ်ကောင်စီ စီစဉ်

ရှရှား ရူဘယ်ငွေနှင့် မြန်မာကျပ်ငွေကို တိုက်ရိုက်ပေးချေ အသုံးပြုနိုင်သည့်စနစ်ကို စီစဉ်နေပြီး ရုရှားနှင့်နီးစပ်သည့် နိုင်ငံများ လက်ခံအသုံးပြုနေသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်သုံး Mir ကတ်ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေသည်။

နှစ်နိုင်ငံ ဗဟိုဘဏ်အချင်းချင်း ဆွေးနွေးနေပြီး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသွားမည်ဟု စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နိုဝင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။

………………………………..

ဘန်ကာများဆောက်၊ ညမထွက်ရအမိန့်ထုတ်သည့် နေပြည်တော်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အချက်အခြာကျသည့်နေရာများတွင် အကာအကွယ် ဘန်ကာများ၊ ယာယီတဲများ ဆောက်လုပ်ထားပြီး ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလဆန်းပိုင်းတွင် ဘန်ကာများဆောက်သည့်အပြင် နေ့ည လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားကြောင်း သတင်းမီဒီယာ အချို့တွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၇ ရက်တွင်လည်း မြို့နယ်ရှစ်ခုကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အရ ည ၁၂နာရီမှ နံနက် ၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။ လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်၊ အများပြည်သူနှင့် သက်ဆိုင်ရာနေရာတွင် လူငါးဦးနှင့်အထက် မစုဝေးရန်လည်းပါသည်။

ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် လယ်ဝေး မြို့နယ်တို့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းမြို့နယ်တို့တွင် လူအချို့သည် အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမှုနေခြင်းကြောင့် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

………………………………..

ရခိုင်မြောက်ပိုင်း ကုန်းလမ်း၊ ရေလမ်းအပိတ်ခံရ၊ နိုင်ငံတကာအကူအညီလည်း အပိတ်ခံရ

Photo – DMG /ပုံစာ – စစ်တွေမြို့အဝင် စစ်တပ်ဂိတ်တွင် အစစ်အဆေးတင်းကျပ်သဖြင့် ယာဉ်များ တန်းစီစောင့်ဆိုင်းနေစဉ်

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အချို့တွင် ရေလမ်း၊ ကုန်းလမ်းများကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီပေးမှုကိုလည်း ပိတ်ပင်လိုက်သည်။

မြို့တော်စစ်တွေကနေ ဗဟိုပြုသွားလာနေသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြားတို့ကို သွားလာရာတွင် ရေလမ်း၊ ကုန်းလမ်းများကို ဂိတ်အထပ်ထပ်ချကာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

မြောက်ဦး၊ ကျောက်တော်မြို့ပေါ်နှင့် ကျေးရွာအချို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ ရှိနေသလို ရခိုင်တောင်ပိုင်း မြို့နယ်အချို့တွင်လည်း စစ်ကောင်စီက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ယင်းအပြင် ရခိုင်မြောက်ပိုင်း မြို့နယ်ခြောက်ခုရှိ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့် နိုင်ငံတကာ လူသားချင်းစားမှုအကူအညီပေးနေသည့် INGO များကိုလည်း ယင်းမြို့နယ်များသို့ သွားရောက်ခွင့်၊ ကူညီခွင့် စက်တင်ဘာလ ၁၅ ရက်တွင် စစ်ကောင်စီက တားမြစ်ပိတ်ပင်လိုက်သည်။

ယင်းအပြင် AA ကို မထောက်ပံ့ရန် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ပြည်နယ်စစ်ကောင်စီက ခေါ်ယူ သတိပေးထားသည်။

ကုန်လမ်း၊ ရေလမ်း စစ်ဆေးရေးဂိတ်များချကာ ယာဉ်များကို ဖြတ်သန်းခွင့် မပေးရန်၊ AA ကို မထောက်ပံ့ရေး လုပ်ငန်းများကို သတိပေးရန်၊ တပ်ရိက္ခာစုဆောင်းရန်၊ AA အမာခံများကို ဖော်ထုတ်ဖမ်းဆီးရန် အပါအဝင် အချက် ၁၀ ချက်ပါသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ညွှန်ကြားစာမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

………………………………..

တုံ့ပြန်ရန်အသင့်ဟု ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြော

မြန်မာနိုင်ငံက ပစ်ခတ်မှု ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထပ်မံကျရောက်လျှင် လိုအပ်ပါက တုံ့ပြန်ရန်အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က စက်တင်ဘာလ ၂၁ ရက်တွင် ပြောဆိုလိုက် သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းအချို့တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်း၊ လေယာဉ်များ ဖြတ်ကျော် ပျံသန်းခြင်းတို့ရှိခဲ့ပြီး ပစ်ခတ်ခံရခြင်းကြောင့် လူသေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီ၏ မြန်မာသံအမတ်ကြီးကို အကြိမ်ကြိမ်ဆင့်ခေါ်ယူကာ သတိပေးခဲ့သည်။

ယင်းကိစ္စအပေါ် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များနှင့် ဆက်သွယ်ပြောဆိုထားကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေပြီး သို့သော် လိုအပ်ပါက တုံ့ပြန်ရန်လည်း အသင့်ပြင်ထားသည်ဟု ၎င်းက ပြောဆိုထားသည်။ နယ်စပ်တစ်လျှောက်တွင်လည်း နယ်ခြားစောင့်တပ်များကို ချထားကာ စောင့်ကြည့်လျှက်ရှိသည်ဟု သတင်းအချို့တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကလည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် မဖြေရှင်းနိုင်လျှင် ကုလသမဂ္ဂထံ တိုင်ကြားမည်ဟု ပြောဆိုထားသည်။

………………………………..

ထိုင်းလေဆိပ်တွင် ထိန်းသိမ်းခံရသည့် အလှမယ် ဟန်လေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာအလှမယ် ဟန်လေး UNHCR အကူအညီဖြင့် လွတ်မြောက်ရန် ကြိုးပမ်းနေသည်။

အလှမယ်ဟန်လေးသည် အာဏာသိမ်းမှုအားဆန့်ကျင်သည့် ပြည်သူများ အကြမ်းဖက်ခံရမှုအပေါ် နိုင်ငံတကာက အာရုံစိုက်လာစေရန် ၂၀၂၁ခုနှစ် မတ်လတွင် ဘန်ကောက်၌ ကျင်းပသည့် Miss Grand International 2020 ပြိုင်ပွဲ စင်မြင့်ထက်တွင် ထုတ်ဖော်ပြောဆိုမှုကြောင့် ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂လတစ်ကြိမ် သက်တမ်းတိုးဗီဇာဖြင့် နေထိုင်မှုကို ထိုင်းအာဏာပိုင်များက လက်မခံတော့သဖြင့် ဗီယက်နမ်နိုင်ငံသို့ အလည်သွားပြီး ဗီဇာသက်တမ်းတိုးရန် ထိုင်းသို့ ပြန်လာရာတွင် အဖမ်းခံရခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခဲ့ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးက တောင်းဆိုရာ ပြန်မပို့တော့ကြောင့် ထိုင်းအာဏာပိုင်များဘက် ကတိပေးခဲ့သည်။ ယင်းနောက် စစ်ကောင်စီဘက်က ၎င်း၏ ပတ်စ်ပို့ကို ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် လေဆိပ်တွင် နေနေရပြီး တတိယနိုင်ငံ တစ်ခုခုသို့ သွားရောက်ခိုလုံခွင့်ရနိုင်မည့်အချိန်အထိ စောင့်ဆိုင်းရဖွယ်ရှိကြောင်း အလှမယ် ဟန်လေးက ပြောဆိုထားသည်။

………………………………..