လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

0
4472

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ယနေ့ (စက်တင်ဘာ ၂၄) နံနက်ပိုင်းက နေအိမ်တွင် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးထွန်းမြင့်ဆိုသူဖြစ်ပြီး ယနေ့ နံနက် ၈နာရီကျော်က နေအိမ်ပြုပြင်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက ယခင်အုပ်ချုပ်ရေးမှူး ဇော်မျိုးဦး (သေဆုံး) နဲ့အတူ ပူးပူးတွဲတွဲ သွားလေ့ရှိတယ်။ သူတို့နှစ်ယောက်က (သဘော့ဆိပ်ပြင်ကြီးရွာက) ရှိုင်သာယာဆိုတဲ့ ရပ်ကွက်မှာပဲ နေတယ်။ ဒဏ်ရာက နံကိုင်းမှာတစ်ချက်နဲ့ နဖူးမှာ တစ်ချက်တွေ့ရတယ်” ဟု ၎င်းကပြောသည်။

သို့သော် ဦးထွန်းမြင့်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

၎င်း၏ ရုပ်အလောင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ယူ သွားပြီး ယနေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မှ ပြန်ယူလာကာ မိသားစုဝင်များ၏ သဘောဆန္ဒအရ နေချင်းသင်္ဂြိုဟ်လိုက် ကြောင်း ဒေသခံများထံမှ သိရသည်။

သဘော့ဆိပ်ရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးမှာလည်း ယမန်နှစ် စက်တင်ဘာ ၉ ရက်နေ့က ပစ်သတ်ခံခဲ့ရသည်။

ဦးဇော်မျိုးဦးကိုမူ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ပေါင်းစုအဖွဲ့က ပစ်သတ်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။