မြိတ်တွင် သုံးဘီးဈေးတက်၊ တစ်စီး ကျပ်သိန်း ၁၅ဝအထိဈေးပေါက်

0
4325

မြိတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သုံးဘီးတစ်စီးလျှင် ကျပ်သိန်း ၁၅ဝအထိ ဈေးပေါက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

သုံးဘီးတွင် Bajaj၊ TVS-King စသဖြင့် အမျိုးအစား ငါးမျိုးခန့်ရှိပြီး သုံးဘီးအသေး အင်ဂျင်ပါဝါ ၂၀၀ စီစီနှင့် သုံးဘီးအကြီး အင်ဂျင်ပါဝါ ၂၅၀ စီစီ တို့ရှိကြသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သုံးဘီးအငယ်တစ်စီးလျှင် ကျပ်သိန်းတစ်ရာဝန်းကျင်နှင့် သုံးဘီးအကြီးတစ်စီးလျှင် ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိသာ ဈေးရှိခဲ့ကြောင်း သုံးဘီးအရောင်းဆိုင်တို့မှ သိရသည်။

ယင်းနောက် စက်တင်ဘာလဆန်းပိုင်းမှ စပြီး လက်ရှိအချိန်အထိ သုံးဘီးအငယ်တစ်စီးလျှင် ကျပ် ၁၂၀ ခန့်နှင့် သုံးဘီးအကြီးတစ်စီးလျှင် ကျပ်သိန်းတစ်ရာငါးဆယ်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးအရောင်းဆိုင်အချို့ထံမှ သိရသည်။

“ဒေါ်လာ‌ဈေး၊ ဘတ်ဈေးရဲ့ ငွေလဲဈေးတက်တော့ အားလုံးတက်လိုက်နေတာ သုံးဘီးလည်းတက်တာပေါ့” ဟု သုံးဘီးအရောင်းဆိုင်တစ်ဆိုင် ပိုင်ရှင်က ပြောသည်။

သုံးဘီးဈေးနှုန်း မြင့်တက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိနေကြောင်း သုံးဘီးအရောင်းဆိုင် အချို့ထံမှ သိရသည်။

“ဈေးတက်ပေမယ့် သူ့ဟာနဲ့သူတော့ အရောင်းအဝယ်တွေ ရှိနေကြတာပဲ။ တချို့ဆို နယ်ဘက်ကနေ လာဝယ် တာလည်း ရှိတယ်” ဟု ကန်ဖျားရပ်ရှိ သုံးဘီးအရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှာပါးမှုကြောင့် ငွေကြေး အသင့်အတင့်အဆင်‌ပြေသူ အချို့သည် သုံးဘီးများ ဝယ်ယူမောင်းနှင်မှု များလာကြောင်း သုံးဘီးမောင်းနှင်သူအချို့က ပြောပြသည်။

“သုံးဘီးက ဈေးတအားတက်လာတယ်။ ‌ဈေးတက်ပေမယ့် ဝယ်မောင်းကြတာပဲ။ (ဝင်ငွေရတာ) တစ်ယောက် တစ်ယောက်မတူကြဘူး။ တချို့ကျတော့ ရတယ်ဗျ။ တစ်ရက်ငါးသောင်းအနည်းဆုံးရတယ်။ အချိတ်အဆက်ရှိတဲ့ သူတွေပေါ့” ဟု သုံးဘီးအငှားယာဉ်မောင်း သက်တမ်းသုံးနှစ်ရှိ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပုံမှန်ဖေါက်သည် ရှိသူတို့နှင့် ဟိုတယ်၊ ပုဂ္ဂလိကဆေးခန်းတို့နှင့် ချိတ်ဆက်ပြီး မောင်းနှင်နေကြသူတို့တွင် မောင်းရလေ့ ရှိကြကြောင်း ၎င်းက ပြောဆိုသည်။

“မရတဲ့သူတွေလည်း မရကြဘူး” ဟု အဆိုပါအမျိုးသားက ဆက်လက်ပြောဆိုသည်။

ဆိုင်ကယ် နှစ်ယောက်မစီးရချိန် သုံးဘီးတွင် တင်ဆောင်မောင်းနှင်ခွင့်ရှိသဖြင့်လည်း သုံးဘီးကို ဝယ်ယူမောင်းနှင် ကြခြင်းဖြစ်သည်ဟု သုံးဘီးမောင်းသူအချို့က ပြောသည်။

“ဆိုင်ကယ်က နှစ်ယောက် စီးမရဘူး။ သုံးဘီးကရတယ်။ ဈေးများပေမယ့် ဒီလိုပဲစုဆောင်းပြီး ဝယ်မောင်းနေတာ။ တစ်နေ့ တစ်သောင်းကျော်ကျော်တော့ ကျန်တယ်” ဟု မြိတ်တောင်ရပ်နေ သုံးဘီးမောင်းသူ အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းသည် ယခုနှစ်အစပိုင်းက သုံးဘီးပါကင်တစ်စီး ဝယ်ယူပြီး မောင်းနှင်နေသူဖြစ်သည်။

မြိတ်မြို့ရှိ သုံးဘီးအငှားယာဉ်တို့သည် အမြန်‌ရေယာဉ်ဆိပ်များ၊ ဈေးများ၊ ပုဂ္ဂလိကဆေးခန်းများ၊ အဝေးပြေးကားဝင်း များ၊ ပင်လယ်ရွာလှေဆိပ်များနှင့် ရပ်ကွက်အသီးသီးရှိ လမ်းထိပ်တို့တွင် ဂိတ်ထိုးမောင်းနှင်ကြလေ့ ရှိကြသည်။

မြိတ်တွင် သုံးဘီးစပေါ်ချိန်ဖြစ်သည့် ၂၀၁၉ ခုနှစ်က သုံးဘီးအငယ်တစ်စီးလျှင် သိန်းလေးဆယ်ကျော်နှင့် အကြီးတစ်စီးလျှင် ကျပ်သိန်းငါးဆယ်ကျော်အထိသာရှိ ပေါက်ဈေးရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။