ထားဝယ်ခရိုင်တွင် ဝဥ ဝယ်လက်မရှိသဖြင့် ဈေးမဖွင့်နိုင်ဟုဆို

0
4559

ဝယ်လက်မရှိသဖြင့် ထားဝယ်ခရိုင်တွင် ဝဥ ဈေးမဖွင့်နိုင်သေးကြောင်း ဝဥပွဲရုံအချို့ထံမှ သိရသည်။

ဝဥ စက်ရုံများမှ အဝယ်တော်များသည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်ကပင် ထားဝယ်ခရိုင်ဘက်သို့ လာရောက်ဝယ်ယူမှု မရှိတော့ကြောင်း ပွဲရုံရှင်အချို့က ပြောသည်။

“မန္တလေးတို့၊ ရေးတို့၊ မော်လမြိုင်တို့မှာ စက်ရုံတွေရှိတယ်လေ။ အဲဒီစက်ရုံတွေကနေပြီး ပွဲရုံတွေကို သူတို့က ဈေးတစ်ခုဖွင့်ပြီး ဝယ်ခိုင်းတယ်လေ။ အခုက ဝယ်လက်လည်း မရှိဘူး။ တရုတ်ကလည်း မဝယ်ဘူးဆိုတော့ အခြောက်လုပ်တဲ့သူတွေလည်း နားမှရမယ်ပေါ့” ဟု ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဝယ်လက်မရှိသဖြင့် ဝဥ အဝယ်ကိုလည်း ရပ်ထားပြီး ပြီးခဲ့သည့်နှစ်က ပွဲရုံများတွင် အခြောက်လုပ်ထားသည့် ဝဥခြောက်များမှာလည်း ဝယ်လက်နည်းသဖြင့် လက်ဝယ်ပိတ်မိနေကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်ပိဿာ ၉၀၀ – ၁၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ရာသီကုန်ချိန်တွင် တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်အထိ ဈေးဖြစ်ခဲ့ကြောင်း ပွဲရုံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းတွင် တစ်ပိဿာ ၁၂၀၀ ကျပ်ခန့် ရှိနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ ပွဲရုံအများစု အဝယ်ရပ်ထားကြကြောင်း ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ အခွန်လွတ်ဈေးမှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“မော်လမြိုင်မှာ စက်ရုံနှစ်ရုံရှိတာ တစ်ရုံပဲလည်တယ်။ ရေးမှာ စက်ရုံသုံးရုံရှိတာ တစ်ရုံမှ မလည်နိုင်ဘူး။ အခုက တစ်ပိဿာ ၈၀၀-၉၀၀ ဆိုတော့လည်း မတူးရောင်းကြဘူး” ဟု ၎င်းက ပြောဆိုသည်။

စက်ရုံပေါက်ဈေးမှာ တစ်ပိဿာ ၉၀၀ ကျပ်ရှိသဖြင့် ထားဝယ်ခရိုင်တွင် တပိဿာ ၆၀၀-၇၀၀ ကျပ်ဖြင့် ပွဲရုံအချို့က ဝယ်ယူမှု ရှိနေသော်လည်း တောင်သူများက တူးမရောင်းကြကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။

လက်ရှိပေါက်ဈေးမှာ အလုပ်သမားစရိတ်နှင့် ထုတ်လုပ်စရိတ်ပင် မကာမိသဖြင့် တူးမရောင်းဘဲ ထားထားကြခြင်း ဖြစ်ကြောင်း ဝဥ စီးပွားဖြစ်စိုက်ပျိုးသူအချို့က ပြောဆိုသည်။

ထားဝယ်ခရိုင်တွင် ဝဥကို ယခင်က စီးပွားဖြစ် သီးသန့်စိုက်ပျိုး သူနည်းပါးခဲ့ပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် အဝယ်တော်များ ထားဝယ်ခရိုင်နယ်ဘက်အထိ ဆင်းလာပြီး ဈေးကောင်းပေး ဝယ်ယူကြပြီးနောက်တွင် စီးပွားဖြစ်သီးသန့် စိုက်ပျိုးသူများလည်း ရှိလာသည်။

၂၀၁၇ -၂၀၁၈ ခုနှစ်က ဝဥတစ်ပိဿာလျှင် ငွေကျပ် ၄၀၀-၅၀၀ မှ ၆၀၀-၇၀၀ ကျပ်အထိသာ ရှိရာမှ အဝယ်တော်များ နယ်ဘက်ဆင်းဝယ်ပြီးနောက် ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် ဝဥ တစ်ပိဿာလျှင် ၇၀၀-၈၀၀ ခန့်မှ ၂၄၀၀-၂၅၀၀ ကျပ်အထိ ဈေးကောင်းရလာခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်ကပင် ဝဥ ဈေးကွက်ပျက်နေကြောင်း ထားဝယ်ခရိုင်တွင် ဝဥ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူတစ်ဦးက ပြောသည်။

“ဝဥအများဆုံးထွက်တာက ချင်းပြည်ရယ်၊ ကရင်ရယ်၊ တနင်္သာရီတိုင်းက နည်းတယ်။ ပဲခူး၊ ဧရာဝတီမှာ နည်းနည်း ပါးပါးရှိတယ်။ အဓိကထွက်တဲ့ ချင်းပြည်နယ်တစ်ခုလုံးက ဘယ်လိုမှ မအေးချမ်းတော့ ဈေးကွက်က ပျက်နေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးစသည့် ဝဥထွက်ရှိရာ ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဝဥစက်ရုံ ၃ ရုံရှိသည့် မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ဝဥစက်ရုံများ မဖွင့်နိုင်သေးဟု အထက်ပါ အမျိုးသားက ပြောဆိုသည်။

ဝဥကို ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများမှ နှစ်စဉ်ဝယ်ယူလျှက်ရှိသည်။

ဝဥကို ဝဥပြုတ်၊ ဝဥသုပ်၊ ဝဥခေါက်ဆွဲခြောက်၊ အသားတု ပြုလုပ်ကာ ဟင်းလျာအဖြစ် ပြည်တွင်း၌ စားသုံးမှုနည်း သော်လည်း ပြည်ပတွင် စားသောက်ကုန်အပြင် အလှကုန်နှင့် ဆေးဝါး ထုတ်လုပ်သည့် နေရာများတွင် အဓိကထား အသုံးပြုကြသဖြင့် ပြည်ပဈေးကွက်ဝင်သည်။