မြိတ်ခရိုင်တွင် တစ်နှစ်အတွင်း တိုက်ပွဲအကြိမ် ၅၀ ကျော်ဖြစ်

0
4000

မြိတ်ခရိုင်တွင် တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းနှစ်ခုက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

D Day စတင်ကြေညာသည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၇ရက်မှ ယခုနှစ် စက်တင်ဘာလ ၇ ရက်အထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁) အပါအဝင် မဟာမိတ်ပူးပေါင်း အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၁) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဒေါက်တိုင်ဖြိုချမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀၆ ဦးသေဆုံးပြီး ၂၅၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်တွင် ရဲဘော် ရှစ်ဦးကျဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

အလားတူ တနင်္သာရီမြို့နယ်အခြေစိုက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင် (၂) သည်လည်း တစ်နှစ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကာ တပ်ရင်း (၂) ပူးပေါင်း အဖွဲ့ဘက်က ရဲဘော် နှစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးလို စစ်ကောင်စီဘက်လည်း ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပါ။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့သည် မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် D Day စတင် ကြေညာခဲ့သည်။

တစ်နှစ်တာကာလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် မြိတ်ခရိုင်အတွင်းရှိ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး
ဒုက္ခသည်စခန်းများတွင်လည်း ပြည်သူသုံးထောင်ကျော် ခိုလှုံနေကြရသည်။