ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

0
4174

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။

ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး ဩဂုတ်လအတွက် ကောက်ခံရာတွင် တစ်ယူနစ်လျှင် ၄၂၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။

ဩဂုတ်လအတွင်း သုံးစွဲယူနစ်ကျသင့်ငွေကို ယခုလတွင် ကောက်ခံခြင်းဖြစ်သည်။

လက်ရှိ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မီတာခတိုးမြှင့်ကောက်ခံခြင်းမှာ တစ်ပူပေါ် တစ်ပူဆင့်စေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

၎င်းအိမ်တွင် ယခင်လက သုံးစွဲသည့်ယူနစ်အတိုင်းပင် သုံးစွဲခဲ့သော်လည်း ယခုလကောက်ခံချိန်တွင် ငွေကျပ် တစ်သောင်းကျော် ပိုမိုပေးဆောင်လိုက်ရကြောင်း ဆိုသည်။

“ညဆိုလည်း မီးမှိတ်ပြီးနေတာ။ ယူနစ်က အရင်လနဲ့ တူတူပဲ။ စိတ်ညစ်တယ်။ အကုန် (ဈေး) တက်နေတာပဲ” ဟု အထက်ပါ အိမ်ရှင်မက ပြောဆိုသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Petro &Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၀ ကျပ်ဖြင့် လုပ်ကိုင်ရန် NLD အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည်။

အဆိုပါကုမ္ပဏီက သဘာဝဓာတ်ငွေ့လောင်စာအသုံးပြုပြီး ကံပေါက်ဒေသတွင် လျှပ်စစ်ထုတ်လုပ်နေသည်။

ထိုကဲ့သို့ မီတာခဈေးနှုန်း တက်မည့်အကြောင်းအား အများပြည်သူကို ကြိုတင်အသိပေး ထုတ်ပြန်ခဲ့ခြင်းလည်း မရှိပေ။

အထက်ပါကုမ္ပဏီ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် မီးပြတ်တောက်မည့်အကြောင်းအရာများကိုသာ အများဆုံး ထုတ်ပြန်ထားပြီး မီတာခ တက်မည့်အကြောင်း ရေးသားထုတ်ပြန်ထားခြင်း မရှိပေ။ ယင်းအပြင် Dawei Watch အနေဖြင့် ဆက်သွယ်မေးမြန်းမှုကိုလည်း လက်ခံဖြေကြားခြင်း မရှိပေ။