အဖမ်းခံရမလား… အသတ်ခံရမလား…

0
7826

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများတွင် တားဆီး စစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြသည်။

တားဆီးစစ်ဆေးမှုများနှင့်အတူ အခန့်မသင့်ပါက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ဒေသခံများမှာ အပြင်တစ်နေရာ သွားရန်အတွက် အဖမ်းခံရမလား…. အသတ်ခံရမလား ထိတ်လန့်လျက်ရှိကြသည်။

ယင်းကြောင့် တောင်ပိုင်းသားတို့၏ မလုံခြုံမှုအခြေအနေများကို Dawei Watch ၏ တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“အဖမ်းအဆီးများနေတာက ပြည်သူလူထုကို တော်တော်လေး အခက်အခဲဖြစ်စေတယ်”

မြိတ်မြို့၊ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။

DW ။ အခုတလော ဆိုင်ကယ်ဖမ်းတာတွေက အဖွဲ့စုံနဲ့ဖမ်းတာ၊ ရပ်ကွက်တွေအထိ လှည့်ဖမ်းတာတွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ အဖမ်းအဆီးများလာတဲ့ သဘောပေါ့၊ အဖမ်းများတော့ အပြင်ထွက်ရင် အဖမ်းခံရမလား စိုးရိမ်စိတ်လေးတော့ရှိတယ်။ စိုးရိမ်မှုက ခမောက်(ဆိုင်ကယ်စီးဦးထုပ်) ပဲဖမ်းမလား၊ မှန်ကိုင်းပဲဖမ်းမလား၊ နောက်ဆုံး လေဘောင်တိုင်းပြီး ဖမ်းလို့ရတာဆိုဝော့ ဘယ်လောက်ပဲစုံစုံ ဖမ်းနေတာကို ဝင်မတိုးရဲဘူး၊ အလိုလိုကို ရှောင်ပြီးသွားနေရတာ။

DW ။ ဒီလိုရှောင်တိမ်းပြီးသွားတော့ရော မဖမ်းမိတော့ဘူးလား။

ဖြေ။ ရှောင်တိမ်းပြီးမောင်းတာပဲ၊ တစ်ခါဖမ်းမိဖူးတယ်၊ တစ်ခါတစ်လေ သွားတိုးမိတာပါ၊ သွားတိုးမိတော့ ဖမ်းမိတော့ တစ်ချက်တော့ မကြိုက်ဘူးဖြစ်သွားတယ်၊ ဖမ်းမိတယ်ဆိုတာ ဘာပဲဖြစ်ဖြစ် လူတိုင်းကြိုက်တဲ့အရာမဟုတ်ဘူး၊ နံပါတ်ပြားမတပ်လို့ဖမ်းတာတဲ့ ဒဏ်ကြေးက သုံးသောင်းပေးလိုက်ရတယ်။

DW ။ အခုလို ဖမ်းဆီးမှုများလာတဲ့ အပေါ်မှာရော ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ သတိထားရမှာက ကိုယ့်မှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဘီးခွန်ကအစ မစုံဘူးဆိုရင် စုံရင်လည်း ဘယ်လောက်ပဲစုံစုံ သတိထားပြီးစီးရမယ် ပါးနပ်ရမယ်။ ဖမ်းတာက မတ်တပ်ရပ်ပြီး ဖမ်းနေတာမဟုတ်ဘူး ကွင်းထဲကိုလွှတ်သွင်းပြီး ရှေ့နောက်ပိတ်ဖမ်းတာမျိုး၊ အကောင်းဆုံးက ဆိုင်ကယ်စီးမယ်ဆို ဥပဒေလိုက်နာဖို့လိုမယ်၊ ဖမ်းတဲ့နေရာလည်း ဝင်မတိုးမိအောင် စီးဖို့လိုမယ်။

DW ။ အမျိုးသားနှစ်ယောက် မစီးရလို့ အမိန့်ထုတ်ထားတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ အမျိုးသားနှစ်ယောက်မစီးရလို့ ထုတ်ပြန်ထားတာက ဒေသန္တရအမိန့်ပေါ့၊ အခုဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါမှာ တစ်ယောက်ကမောင်းတယ်၊ နောက်တစ်ယောက်က ပစ်ခတ်တာတွေရှိလာလို့ အမိန့်ထုတ်တာပေါ့၊ ပစ်ခတ်‌တာတွေဖြစ်ပြီးမှ နောက်အမိန့်ထုတ်တာတွေ လိုက်လုပ်တာက ထိရောက်မှုမရှိဘူး၊ ထိခိုက်တာက ပြည်သူတွေမှာ သွားထိခိုက်တယ်။

DW ။ ဘယ်လိုမျိုး သွားထိခိုက်တာလဲ။

ဖြေ ။ အဓိက အခက်အခဲဖြစ်တဲ့သူတွေက အောက်ခြေလူတန်းစား အားလုံး အခက်အခဲဖြစ်တယ်၊ ဥပမာ တက္ကစီ (အငှားယာဉ်မောင်း)သမားလည်း ခက်ခဲတယ်၊ ဘာဖြစ်လဲဆိုတော့ တက္ကစီမောင်းရမှ ထမင်းစားရမယ့်ဘဝတွေဆိုရင် နိုင်ငံရေးအခြေအနေ မကောင်းဘူး၊ ကုန်ဈေးနှုန်းလည်း ကြီးတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ အလုပ်ထွက်လုပ်စားမယ်ဆိုရင်တောင်မှ နှစ်ယောက် မစီးရဆိုတော့ ကြေးပြား(ပိုက်ဆံ)ငါးရာ တစ်ထောင် ရှာဖို့မလွယ်တဲ့ အခြေအနေဖြစ်သွားတယ်။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ အကောင်းဆုံးက ဆိုင်ကယ်စီးမယ်ဆိုရင် ဥပဒေတို့၊ အမိန့်ထုတ်ရင်လည်း ထုတ်ပြန်ထားတဲ့ အမိန့်၊ ဥပဒေအတိုင်း လိုက်နာရင် အန္တရာယ်အကင်းဆုံးပဲ၊ ဒါပေမဲ့ အခုလို အဖမ်းအဆီးများနေတာက ပြည်သူလူထုကို တော်တော်လေး အခက်အခဲဖြစ်စေတယ်။ ဒါမျိုးတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

“လွတ်လွတ်လပ်လပ် သွားရတာမျိုးမရှိတော့ဘူး”

ထားဝယ်မြို့ပေါ်က ဒေသခံတစ်ဦး

DW ။ ထားဝယ်မြို့ပေါ်မှာသွားလာရတာ ဘယ်လိုခြေနေရှိလဲ။

ဖြေ ။ ဖမ်းဆီးစစ်ဆေးများလာတယ် အရင်ကလို လမ်းဆုံလမ်းခွ မီးပွိင့်တွေမှာ ပုံမှန်စစ်ဆေးနေတာမျိုး မဟုတ်ဘူး အခုက ရှောင်တခင်စစ်ဆေးတဲ့ ပုံစံမျိုးတွေ နေရာတော်တော်များများမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိလာတယ်။

DW ။ ဘာတွေကို အဓိကဖမ်းဆီးစစ်ဆေးတာလဲ။

ဖြေ ။ အဓိက ဆိုင်ကယ်တွေ၊ ကားတွေကိုသိပ်ပြီး စစ်ဆေးတာမျိုးမတွေရဘူး။ အမျိုးသားနှစ်ယောက် စီးလို့မရဘူး နောက်ပြီး ဆိုင်ကယ်နံပါတ်ပြား မတပ်ထားတာတွေ ဖောင်းကြွ နံပါတ်ပြားမဟုတ်တဲ့ ကော်ပြားတွေ ပေါ်မှာ နံပါတ်ရေးပြီး မောင်းနှင်နေတဲ့သူတွေ နောက်ပြီး အခုက မေးသိုင်းကြိုးတောင်မှ သေချာတပ်ထားရတာ လူငယ်ဆိုရင် ခေါ်ပြီးစစ်ဆေးတာကများတယ်။

DW ။ ဘယ်နေရာတွေမှာ အဓိက ဖမ်းဆီးစစ်ဆေးတာလဲ။

ဖြေ ။ ဗဟိုလမ်းဆုံတို့ နောက်ပြီး ရှမ်းမလည်ဆွဲ လမ်းဆုံ ဆန်းချီလမ်းဆုံ မယ်ဒီလန်းဆေးရုံအနီး တို့အခုအရင်နဲ့မတူတာက ဗဟိုလမ်းဆုံမှာဖမ်းရင် စစ်သားတွေက မြောင်းပုလဲ ကျောင်းနားလောက်ထိ နေရာယူထားတာ နောင်ပြီး အခုက လမ်းသွယ်တွေမှာလည်း ရှောင်တခင် တစ်နာရီ နှစ်နာရီနီးပါးလောက် စစ်နေတာ။

DW ။ ဒီလိုအချိန်နေမှာခရီးသွားလာရတဲ့အပေါ်မှာ စိတ်ထဲဘယ်လိုခံစားမိလဲ။

ဖြေ ။ သွားရလာရတာ စိတ်ထဲ စနိုးစနောင့်ဖြစ်တာပေါ့ ဘယ်နေရာမှာ စစ်ခံထိပြီး ဘယ်လိုမေးမြန်းခံရမယ် မှန်းမှမသိတာ သူတို့စိတ်ထဲမှာ ဘယ်လိုရှိမှန်း ကိုယ်မသိနိုင်ဘူးလေ အိမ်ကနေထွက်တာနဲ့ကို သတိထားရတာပေါ့ လွတ်လွတ်လပ်လပ် သွားရတာမျိုးမရှိတော့ဘူး ။

DW ။ တခြားဖြည့်စွက်ပြောချင်တာများရှိလား

ဖြေ ။ မစစ်ရင်ကောင်းတာပေါ့ တကယ်မဖြစ်မနေစစ်ရမယ်ဆိုရင်လည်း အရင်ကလို မီးပွိင့်တွေမှာပဲ စစ်စေချင်တယ် အခုလိုမျိုး စစ်ဆေးနေကြမဟုတ်တဲ့ နေရာတော်တော်များများမှာ နေ့တိုင်းနီးပါ စစ်ဆေးနေတာကျတော့ သွားရလာရတာ အကျပ်အတည်းဖြစ်တာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“လက်နက်နဲ့ဆိုတော့ ဖြတ်ရတာကြောက်တာပေါ့”

အွန်လိုင်းဖြင့်ဈေးရောင်းသည်အမျိုးသမီးတစ်ဦး

DW ။ မြို့ပေါ်မှာ သွားရလာရတာဘယ်လိုခြေနေရှိလဲ။

ဖြေ ။ မနက်ပိုင်းကတော့ ပုံမှန်ပါပဲ နေ့လယ်နဲ့ညနေဆို နည်းနည်း လူခြေတိတ်သွားတယ် အခုကမြို့ပေါ်မှာနေ့တိုင်းနီးပါးစစ်လာတယ်။ အရင်ကဆို ရဲနဲ့မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) လောက်ဘဲစစ်တာများတာပေါ့ အခု လက်နက်ကိုင်စစ်သားတွေပါ ပါလာတာပေါ့နော်။

DW ။ စစ်သားတွေ ပါ ထွက်စစ်တာလို့ ပြောတာလား

ဖြေ ။ မဟုတ်ဘူး သူတို့က ကာဗာ ယူပေးထားတဲ့သဘောပေါ့ ဒါပေမဲ့ လက်နက်နဲ့ဆိုတော့ ဖြတ်ရတာကြောက်တာပေါ့ အချင်းချင်း ဟိုနေရာစစ်နေတယ်လို့ပြောလိုက်ရင် ကျန်တဲ့သူတွေလည်းလှည့်ပြန် ကြတာတွေမျိုးတော့ ရှိတာပေါ့

DW ။ ပစ္စည်းပို့သွားတဲ့လမ်းခရီးတွေမှာ ဘယ်လိုခြေနေတွေရှိလဲ။

ဖြေ ။ ပုံမှန်ပါပဲ ထားဝယ် လောင်းလုံးလမ်းမှာဆိုရင် စစ်သားတွေ လက်နက်ကိုင်ပြီး လမ်းလျှောက်နေတာတွေရှိတယ် အရင်က တော့ ကားနဲ့ သွားနေတာတွေ တော့ရှိတာပေါ့နော် မနေ့ကဆိုကျွန်မ ရွာကတက်လာတော့ အင်းဇောက်ရွာနားမှာ လမ်းလျှောက်နေတာတွေ့ရတယ် စစ်ဆေးတာမျိုးတော့ မရှိဘူး။

DW ။ အစ်မတို့က ထားဝယ်မှာ အိမ်ငှားနေတယ်ဆိုတော့ ဧည့်စာရင်းစစ်တာတွေ ဘယ်လိုကြုံခဲ့ရဖူးလဲ။

ဖြေ ။ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်ထားရတာပေါ့ ကိုယ်က ဘာလုပ်တယ်ဆိုတာပြောပြပြီး ကျွန်မတို့ရပ်ကွက်ကိုတော့ ဧည့်စာရင်းအနေနဲ့ လာစစ်တာမျိုးတော့မရှိသေးဘူး ဒါပေမဲ့လည်းကိုယ်နေတဲ့ ရပ်ကွက်နားမှာ ဧည့်စာရင်းစစ်တယ်လို့ကြားရရင်တော့ ထိတ်ထိတ်လန့်လန့်တော့ရှိတာပေါ့ အဲလိုညတွေ‌ဆို မီးပိတ်ပြီး အိပ်လိုက်တာပါပဲ။

DW ။ ကျေးဇူးတင်ပါတယ် ။