တိပိဋကယောဆရာတော်ကြီး တည်ထောင်ထားသော မေတ္တာဆေးရုံ ရှာဖွေစီးနင်းခံရ

0
4739

တိပိဋကယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လက်ပန်ရွာတွင်ဖွင့်လှစ်ထားသော ” တိပိဋကမေတ္တာဆေးရုံ ” ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူ ဒေသခံများကဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၅ ယောက်ခန့်က အရပ်ဝတ်များဝတ်ပြီး မြင်းဇာရွာမှလမ်းပြ ၂ ယောက်နှင့်အတူ ရွာအဝင်ကတည်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆေးရုံထဲကို ဝင်လာကြကြောင်း ၎င်းကဆိုသည်။

ဆေးရုံရောက်သောအခါ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများကို စုထိုင်ခိုင်းပြီး ဖုန်းများကို သိမ်းယူ၍ ဆေးခန်းအတွင်းကို အသေးစိတ်ဝင်ရှာကြပြီး ရွှေ၊ ငွေများကို ယူသွားကြကြောင်း၊ PDF များကို ဆေးမကုပေးရဟုဆိုကာ လက်မှတ်ထိုးခိုင်းကြောင်း ၎င်းကဆိုသည်။

ဆရာတော်ကြီးမှာ ယင်းသတင်းကို ကြားသဖြင့် မျက်နှာမကောင်းဖြစ်နေပြီး မေတ္တာပို့၊ သစ္စာဆိုရန်သာ မိန့်ဆိုကြောင်း ဆရာတော်အနီးတွင် နေသူတစ်ဦးကဆိုသည်။

တိပိဋကယောဆရာတော်ကြီးသည် တိပိဋကမေတ္တာဆေးရုံအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်ဖြင့် မတည်လှူဒါန်းထားပြီး ဆရာဝန်သုံးဦး၊ သူနာပြုများ၊ ဝန်ထမ်းများအား စရိတ်ငြိမ်း နေထိုင်စားသောက်နိုင်ရန် စီစဥ်ပေးထားသည်။

အဆိုပါ ဆေးရုံဝန်ထမ်းများကို လစာငွေများပေးသည့်အပြင် လေးလတစ်ကြိမ် ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးပြီး ဒေသအတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသနေသည်မှာ (၂၀၁၄) ခုနှစ်မှစ၍ ယနေ့အထိ ဖြစ်သည်။

စစ်အာဏာမသိမ်းခင်က နေ့စဥ် လူနာရာနှင့်ချီပြီး အခမဲ့ကုသပေးနေသည့် ဆေးရုံဖြစ်ပြီး ကလေးမြို့၊ တမူးမြို့နှင့် ချင်ပြည်နယ်မှ ဒေသနေပြည်သူများ အားကိုးအားထား ပြုနေရသော ဆေးရုံဖြစ်သည်။

စစ်တပ်ဝင်လာသဖြင့် လက်ပန်ရွာတွင် နေထိုင်သော ရွာသူရွာသားများမှာ ကြောက်ရွံပြီး နေအိမ်များကိုစွန့်ခွာ ထွက်ပြေးကြကြောင်း၊ လူမရှိသောအိမ်များမှ ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသည်ဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်မှာ စက်တင်ဘာလ ၆ ရက်နေ့မနက်ပိုင်းတွင် လက်ပန်ရွာမှ ပြန်ထွက်သွားကြပြီးနောက် ယင်းနေ့ညနေ ၄ နာရီခွဲတွင် ထပ်မံပြန်ရောက်လာကြောင်း ၎င်းတို့ကဆိုသည်။

စစ်ကောင်စီတပ်မှ အရာရှိဟုယူဆရသူက “ယောဆရာတော်ကြီးရဲ့ ရွာဖြစ်နေလို့ မီးမရှို့တာ၊ မဟုတ်ရင် ပြာပုံဖြစ်သွားမယ်၊ ဆရာတော်ကြီးကို အမင်္ဂလာသတင်းတွေ မကြားစေချင်လို့ မလုပ်တာ ” ဟုပြောပြီး ရွာတွင် တစ်ညအိပ်သွားကြောင်း ဒေသခံများကဆိုသည်။

ယောဆရာတော်ကြီး၏ ညီအရင်းဖြစ်သူ ဦးသာဒင်(အသက် ၇၀) ကျော်အား ဖမ်းဆီးရိုက်နှက်နေရာ ယောဆရာတော်ကြီး၏ ညီအရင်းဖြစ်ကြောင်း ပြောပြမှ ပြန်လွှတ်ပေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။