မြိတ်တွင် လျှပ်စစ်မီတာခဈေးထပ်တက်၊ တစ်ယူနစ် ၁၁၀၀ ကျော်သွားပြီ

0
4022
Myeik Electric

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းမှာ ဩဂုတ်လအသုံးပြုခအတွက် ကောက်ခံရာတွင် တစ်ယူနစ် ကျပ် ၂၀၀ကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ်လျှင့် ၁၁၅၃ ကျပ်အထိ ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

ဇူလိုင်လအတွက် တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့ရာမှ ဩဂုတ်လ အသုံးပြုခအတွက် ကောက်ခံရာတွင် ၂၀၆ ကျပ် ထပ်မံတိုးမြှင့်ကောက်ခံလာခြင်းဖြစ်သည်။

ဧပြီလတွင် တစ်ယူနစ်လျှင် ၇၃၀ ကျပ်မှ မေလတွင် ၈၄၅ ကျပ်၊ ဇွန်လတွင် ၈၉၇ ကျပ်၊ ဇူလိုင်လတွင် ၉၄၇ ကျပ်နှင့် ဩဂုတ်လတွင် ၁၁၅၃ ကျပ် ကောက်ခံခဲ့ပြီး မီတာခဈေးနှုန်းမှာ လေးလေ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။

“မီးလျော့သုံးတာတောင် မီးဈေးတက်လေလေ ပေးရတဲ့ငွေက များလာလေပဲ” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မီတာခဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေသဖြင့် မိတ္တူကူးခဈေးနှုန်းများ ပြောင်းလဲထားရကြောင်း စာစီစာရိုက် မိတ္တူကူးလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

“မိတ္တူကူးခက တစ်ခါတစ်ခါ ဈေးတင်ထားရင် လနဲ့ နှစ်နဲ့ချီပြီး မပြောင်းတတ်ဘူး။ အခုက မတတ်နိုင်တော့မှ ဈေးတင် လိုက်ရတယ်” ဟု စာစီစာရိုက်မိတ္တူကူးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ယခင်က မိတ္တူကူးခ A4 စာရွက် တစ်မျက်နှာ နှစ်ဆယ့်ငါးကျပ်မှ တစ်ရာကျပ်၊ နှစ်မျက်နှာ (ကျောကပ်) တစ်ရွက် တစ်ရာကျပ်နှုန်းမှ တစ်ရာ့ငါးဆယ်ကျပ်အထိ ဈေးမြင့်လိုက်ရကြောင်း ၎င်းက ဆိုသည။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ခဲ့သည်။

တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသော်လည်း မီတာခဈေးနှုန်း မြှင့်တက်နေဆဲဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် ဧပြီလတွင် တင်ဒါအောင်ဈေးနှုန်းကို ကျော်လွန်ကာ ၂၉၅ ကျပ် ကောက်ခံခဲ့သည်။ ယခုနှစ်အစဖြစ်သည့် ဇန်နဝါရီလက မီတာခတစ်ယူနစ်လျှင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

မီတာခဈေးနှုန်း အတက်အကျဖြစ်နေရခြင်းမှာ ဒီဇယ်လောင်စာဆီဈေးနှုန်း အတက်အကျအပေါ်မှုတည်ပြီး ကောက်ခံ နေရခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောဆိုထားသည်။ သို့သော် မီတာခများ လစဉ် ဆက်တိုက်တက်လာပြီးနောက် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိတော့ပေ။

စက်တင်ဘာလအတွင်း ဒီဇယ်လောင်ဆီတစ်ပီပါလျှင် ရှစ်သိန်းကျပ်နီးပါးအထိ ရှိနေကြောင်း မြိတ်စက်သုံးဆီ ဈေးကွက် အတွင်းမှ သိရသည်။