တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3670

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

ရာဇဝတ်မှုသက်သေများ တိုးလာသည်ဟု IIMM ပြော

မြန်မာနိုင်ငံ၌ အာဏာသိမ်းကာလတွင် ရာဇဝတ်မှုများကျူးလွန်မှု ပိုဆိုးလာပြီး သက်သေအထောက်အထားများလည်း ပိုမိုတွေ့ရှိထားကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ခေါင်းဆောင် Nicholas Koumjian ကပြောသည်။

IIMM က လေးကြိမ်မြောက် နောက်ဆုံးရရှိသည့် အစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို စက်တင်ဘာလ ၁၂ ရက်က တင်သွင်းချိန်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးအကျဉ်းချခြင်း စသည့် ရာဇဝတ်မှု များကို ကျူးလွန်မှု ပိုများလာပြီး ယင်းသို့ကျူးလွန်မှုအတွက် တာဝန်ယူမှု ကင်းမဲ့နေသဖြင့် မြန်မာပြည်သူများ အတိဒုက္ခရောက်နေသည်ဟုလည်း Nicholas Koumjian က ပြောသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ကွဲပြားမှုကိုအခြေခံသည့်အကြမ်းဖက်မှု၊ ကလေးငယ်များအပေါ် ကျူးလွန်သည့် အမှုများအတွက် သက်သေအထောက်အထားများကို IIMM အနေဖြင့် ဦးစားပေး စုဆောင်းနေသည်ဟု ဆိုသည်။

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတို့ကို ထင်ရှားစေမည့် သန်းနှင့်ချီသည့် အချက် အလက်များကို Facebook ကုမ္ပဏီက ပေးထားသည်ဟုလည်း ၎င်းက ဆိုသည်။

………………………………..

၁၅ဦးထက်မနည်း အဖမ်းခံရသည့် ပန်းပင်ကြီးလမ်းသပိတ်

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက သပိတ်လှုပ်ရှားမှု ဖြိုခွင်း ခံရပြီး သတင်းသမားအချို့ အပါအဝင် သပိတ်လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခန့်အပ် ပေးရန်တောင်းဆိုသည့် သပိတ်စတင်ချိန်တွင် စစ်ကောင်စီတပ်က အိမ်စီးကားများ၊ အရပ်ဝတ်များဖြင့် ဝင်ရောက် ပစ်ခတ် ဖြိုခွင်းခဲ့သည်။ ရိုက်နှက် ဖမ်းဆီးသွားပြီး ကျည်ထိမှန်သူလည်းရှိသည်ဟု မျက်မြင် တွေ့ရှိသူများက ပြောသည်။

ဖမ်းဆီးခံသူများထဲတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြုအဖွဲ့အစည်း) ၊ အခြေခံကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို) ၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသား များသမဂ္ဂ၊ Owl Community ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM တို့မှ လူငယ်များနှင့် သတင်းသမားအချို့ ပါဝင်သည်ဟု အဖွဲ့အသီးသီးက ဆိုသည်။

အမျိုးသမီးများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ အသက် ၁၈နှစ် အပြည့်သေးသူများလည်း ပါဝင်သည်ဟု ဆိုပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသဖြင့် စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ထားကြသည်။ ဖမ်းဆီးခံရသည့် သတင်းသမားများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ရက်ကလည်း ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်ဖြိုခွင်းကာ ဖမ်းဆီးခဲ့သေးသည်။

………………………………..

အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသည့် အထည်ချုပ်လုပ်ငန်း

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေး စံသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိသည့် တာဝန်ယူမှုမရှိသည့် လုပ်ငန်းဖြစ်နေပြီဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

Ethical Trading Initiative (ETI) က စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည့် အထည်ချုပ်လုပ်ငန်းများ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်သည့် အကြုံပြုချက် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခမပေးဘဲ အချိန်ပိုခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်း စသည်တို့နှင့်ပတ်သက်၍ ခိုင်လုံသည့် သက်သေအထောက်အထားများ ရရှိထားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

………………………………..

တစ်နှစ်တာအတွင်း အရပ်သား သုံးထောင်ကျော်သေဆုံး

ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ်ဩဂုတ်လကုန်အထိ တစ်နှစ်တာ ပဋိပက္ခဖြစ်စဉ်များအတွင်း အရပ်သား သုံးထောင်ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူ ၃၀၁၀ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၉၃၃ဦးရှိကာ ၁၄၀၀၀ ကျော်မှာ ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့သည်ဟုဆိုသည်။

NUG ၏ ထုတ်ပြန်ချက်အရ တစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား နှစ်သောင်းကျော် သေဆုံးပြီး ခုနစ်ထောင်ကျော် ဒဏ်ရာခဲ့သည်ဟု ဖော်သည်။

………………………………..

ဈာပန အဖိတ်မခံရ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားခံရခြင်း မရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၉ ရက်တွင် ကျင်းပမည့် ဘုရင်မကြီး၏ ဈာပနအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြား ထားသော်လည်း မြန်မာ၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့ကို ဖိတ်ကြားခြင်း မရှိပေ။

စစ်ကောင်စီ ခေါင်ဆောင်များ အပါအဝင် စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်း များကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသဖြင့် မဖိတ်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗြိတိသျှထီးနန်းတွင် သက်တမ်းအရှည်ကြာဆုံး စိုးစံခဲ့သည့် အသက် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ကံကုန်သွားပြီး ဈာပနအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်များ အပါအဝင် သံတမန် ငါးရာခန့်တက်ရောက်မည်ဟု ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာပြီ

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုတစ်ကျော့ပြန်မြင့်တက်လာပြီး စက်တင်ဘာလ ၁ရက်မှ ၁၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ သုံးထောင်ကျော်တွေ့ရှိပြီး သေဆုံးသူ ခြောက်ဦးအထိရှိလာကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်တွင်းတွင် ကိုဗစ်ပိုးတွေ့သူ တစ်ရက်လျှင် ဆယ်ဂဏန်းသာရှိရာမှ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ တစ်ရက်လျှင် ရာနှင့်ချီတွေ့ရှိလာခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကိုဗစ် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှု အစုလိုက် အပြုံလိုက်တွေ့ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်။

ဖျားနာသဖြင့် ပြင်ပဆေးခန်းများတွင် ပြသသူများမှာလည်း များလာသဖြင့် မြေပြင်တွင် ကိုဗစ်ကူးစက်မှု ပိုများနိုင်ပြီး သတိထားကြရန် ဆရာဝန်အချို့က ထောက်ပြသတိပေးထားကြသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ခြောက်သိန်းတစ်သောင်းကျော်ရှိပြီး သေဆုံးသူ ၁၉၄၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

………………………………..

အချက်အလက်မစုံသည့် မိုဘိုင်းငွေစာရင်းများ ပိတ်မည်ဟုဆို

ကိုယ်ရေးအချက်အလက်ကို အဆင့် – ၂ (Level -2) အဆင့်တိုးမြှင့်ထားခြင်း မရှိသည့် မိုဘိုင်းငွေစာပေးချေမှု အကောင့်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လာသည်။

ယင်းအကောင့်များကို အသုံးပြုသူများ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆင်းမ်ကတ်နံပတ် စသည်တို့ကို လဝကနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့တွင်ရှိသည့် အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်သဖြင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများသည် နီးစပ်ရာကိုယ်စားလှယ်များ (Agents) ၊ ဘဏ်များထံ သွားရောက်ပြီး Level-2 ကို အချိန်မီမြှင့်ထားကြရန် ထုတ်ပြန်ထားသည်။

ငွေကြေးလိမ်လည်မှုများ၊ တရားမဝင် ငွေလွှဲပြောင်းမှုများကြောင့် အများပြည်သူနစ်နာဆုံးရှုံးမှု မဖြစ်စေရန်ဟုဆိုပြီး ငွေကြေးခဝါချမှုများ ထိန်းချုပ်ရန်၊ တော်လှန်ရေး အင်အားစုများအား ငွေကြေးထောက်ပံ့မှုများကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုမတိုင်ခင်ကလည်း မိုဘိုင်းငွေသင်းငွေထုတ် လုပ်သူများကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရယူထားရန် ကိုယ်စားလှယ်ဆိုင်များကို ညွှန်ကြားထားသေးသည်။

………………………………..

ခရီးသည်တင်ကားနှစ်စီးတိုက်သဖြင့် ၁၃ဦး သေဆုံး

မန္တလေးတိုင်း မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းတွင် သန်မြန်သူနှင့် ပုဂံမင်းသား ခရီးသည်တင်ကားတို့ ခေါင်းချင်းဆိုင်တိုက်မိသဖြင့် ယာဉ်မောင်းများအပါအဝင် ခရီးသည် ၁၃ဦးသေဆုံးကာ ၂၃ဦး ဒဏ်ရာရရှိခဲ့သည်။ 

စက်တင်ဘာလ ၁၄ ရက် ည ၈နာရီကျော်တွင် အဆိုပါလမ်း မိုင်တိုင်အမှတ် ၄၅/၁ ၌ ရပ်နားထားသည့် ဒိုင်နာကားကို ခရီးသည်တင်ကားတစ်စီးက ကျော်တက်ချိန် မျက်နှာချင်းဆိုင်မောင်းလာသည့် ခရီးသည်တင်ကားတို့ တိုက်မိရာမှ ကားသုံးစီးစလုံး တိုက်မိခြင်းဖြစ်ကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

ကားတိုက်မှုကြောင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး သုံးဦး သေဆုံးပြီး အမျိုးသား ၁၈ဦး အမျိုးသမီး ၅ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများအနက် ၁၄ဦးမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

………………………………..

ဘီဘီစီမီဒီယာအက်ရှင် အလွတ်တန်းထုတ်လုပ်ရေးမှူး ထောင် ၃နှစ်ချခံရ

ဘီဘီစီ မီဒီယာအက်ရှင်၏ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး တစ်နှစ်ကျော်အကြာတွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။

စစ်ကောင်စီက စွဲဆိုသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အမှုအတွက် ဗဟန်းတရားရုံးက စက်တင်ဘာလ ၁၅ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ ဖက်ဒရယ် FM တွင် အယ်ဒီတာအဖြစ် လုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက် အတွက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့်လည်း ဆက်လက်တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။

မထက်ထက်ခိုင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

………………………………..