ထိုင်းတွင် နဘုလယ်ဒေသခံတစ်ဦး အသတ်ခံရ

0
4779

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုင်းနိုင်ငံသား လူရမ်းကားတစ်စုက ဓါးထိုးသတ်ဖြတ်မှုကြောင့် ထားဝယ်ခရိုင် နဘုလယ် ဒေသခံမြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ဘောလုံးကန်ရာမှအပြန် ဈေးဖွင့်ပွဲတစ်ခုတွင် ကခုန်နေရင်း ထိုင်းနိုင်ငံသား တစ်ဦးနှင့် မတော်တဆထိမိရာ တောင်းပန်စကားဆိုပြီး ပြန်လာခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူအချို့က ပြောသည်။

ယင်းနောက် အိမ်အပြန်လမ်းတွင် ထိုင်းနိုင်ငံသား လူရမ်းကားတစ်စုက နောက်က လိုက်ပါလာကာ ဓါးဖြင့်ထိုးမှုကြောင့် သေဆုံးသွားခဲ့ ခြင်းဖြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ကိုဌေးလွင်ဦး (ခေါ်) ကိုဘုလယ်ဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ် ဒေသ ပရဒတ်ရွာသားတစ်ဦး ဖြစ်သည်။

နခွန်ပထုံခရိုင် စီဆန်ဖန်နယ်မြေအနီးရှိ နန်းယံအထည်ချုပ်စက်ရုံတွင် ၁၂ နှစ်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာများ ကစားကြသည့် ဘောလုံးပွဲများတွင် ပါဝင်ကစားလေ့ရှိသူလည်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“အကိုက စကားကြမ်းကြမ်း လေသံမာမာနဲ့တောင် ပြောတတ်တဲ့ မဟုတ်ဘူး။ ပြန်လာရင် ရဟန်းဝတ်ပေးဖို့ အဖေနဲ့အမေက စောင့်နေတာကို မိသားစုကိုထားပြီး ထွက်သွားပြီ” ဟု သေဆုံးသူ၏ ညီဖြစ်သူက ဆိုသည်။

လက်ရှိအချိန်တွင် ဓါးဖြင့်ထိုးခဲ့သော ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိထားပြီး ကျန်သော ပါဝင်ပက်သက်သူများမှာ လွတ်မြောက်နေသေးကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) ထံမှ သိရသည်။

သေဆုံးသွားသူ မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် နခွန်ပထုန် ဝပ်စံဖစ်ဘုန်းကြီးကျောင်းတွင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် သေဆုံးသူနစ်နာကြေးခံစားခွင့်ကိစ္စရပ်နှင့် အမှုဖြစ်စဉ်ကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းလူမျိုးများနှင့် ရောထွေးယှဉ်တွဲနေထိုင်ရာတွင် သတိထား နေထိုင်ရမည်ဖြစ်ပြီး ထိုင်းလူမျိုးများ အုပ်စုဖွဲ့ရမ်းကားလေ့ရှိသော ပွဲလမ်းသဘင်များကို ရှောင်ရှားရမည်ဖြစ်ကြောင်း AAC အဖွဲ့က သတိပေးထားသည်။