ဆန်ဈေးကြီးသဖြင့် မုန့်များဈေးတက်၊ မုန့်လုပ်သူများလည်း တွက်ခြေမကိုက်

0
776

ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆန်ဖြင့်ပြုလုပ်သည့် မုန့်များဈေးတက်လာပြီး မုန့်လုပ်ငန်းများလည်း တွက်ခြေမကိုက်ဖြစ်နေကြောင်း မြိတ်မြို့ပေါ်ရှိ မုန့်လုပ်ရောင်းချနေသူအချို့ထံမှ သိရသည်။

မုန့်လုပ်ရာတွင် အသုံးပြုကြသည့် ဆန်ကြမ်းတစ်ပြည်လျှင် ခုနစ်ရာ၊ ရှစ်ရာကျပ်ခန့်ရှိမှ လက်ရှိတွင် နှစ်ထောင်ကျော် အထိမြင့်တက်လာပြီး ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ်နှစ်ထောင်ကျော်မှ သုံးထောင်၊ သုံးထောင်ငါးရာကျပ်အထိ ဈေးမြင့်လာကြောင်း ၎င်းတို့က ပြောသည်။

“မုန့်ရောင်း‌နေတာ ဆယ်နှစ်ကျော်ပြီ။ စရောင်းကတည်းက တစ်ချပ်တစ်ရာပဲ။ ဆန်ကြမ်းဈေးတွေတက်တော့ ကျမလားဆိုပြီး စောင့်ကြည့်သေးတယ်။ ဈေးမကျတော့ မသက်သာလွန်းလို့ ရှေ့တလော (ရက်ပိုင်းခန့်) ပဲသေး ဈေးတင်လိုက်တယ် နှစ်ရာပါ” ဟု မြိတ်တောင်ရပ်နေ အာပုံ (ရိုးရိုး) မုန့်ရောင်းချနေသူ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆန်ဈေးနှုန်းမတက်မီက တစ်ရက်လျှင် ပျမ်းမျှအမြတ်ကျန်ငွေ တစ်သောင်းငါးထောင်ကျပ် ရရှိခဲ့ပြီး ဆန်ဈေးတက် ပြီးနောက် တစ်ချပ်လျှင် နှစ်ရာကျပ်အထိ ဈေးတင်ရောင်းခဲ့ရာ ရှစ်ထောင်ဝန်းကျင်ခန့်သာ ရရှိတော့‌ကြောင်း ၎င်းက ပြောဆိုသည်။

“ဈေးမတင်လို့ မရဘူးလေ။ မတင်ရင်အမြတ်က နှစ်ထောင်၊ သုံးထောင်လောက်ပဲကျန်တာ။ ဘယ်ကိုက်မတုန်း” ဟု အထက်ပါ အာပုံမုန့်ရောင်းချနေသူအမျိုးသမီးက ပြောသည်။

ဇေယျာသီရိ (၄) ရပ်ကွက်ရှိ အာပုံဆိပ်မုန့်ရောင်းသူနေသူ အသက် ၆၀နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးကလည်း ဆန်နှင့် ပါဝင်ပစ္စည်းများ ဈေးတက်သဖြင့် အာပုံဆိပ်မုန့်တစ်ချပ်လျှင် နှစ်ရာကျပ်မှ နှစ်ရာငါးဆယ်ကျပ်အထိ ဈေးတင် ရောင်းချနေရကြောင်း ပြောဆိုသည်။

“အဓိကက ဆန်ဈေးပဲ။ ဆန်ဈေးတက်တော့ အရင်က တစ်နေ့နှစ်သောင်းကျန်တယ်။ အခုတစ်သောင်းပဲ မြတ်တော့ တယ်။ ဆန်တစ်မျိုးတည်းတက်နေမယ်ဆို အဆင်ပြေသေးတယ်။ အခုက အကုန်လုံး ဈေးတက်နေတာချည်းပဲ” ဟု‌ ၎င်းက ပြောဆိုသည်။

ထို့အပြင် မုန့်ဆီကြော်၊ ကောက်ညှင်းကင်၊ အီကြာကွေး စသည်တို့မှာ တစ်ခုလျှင် တစ်ရာ၊ တစ်ရာငါးဆယ်ကျပ်မှ နှစ်ရာ၊ သုံးရာကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြကြောင်း မုန့်ရောင်းသူများထံမှ သိရသည်။

“အာပုံမှ မဟုတ်ပါဘူး။ အရင်ကမုန့်တစ်ခု ကိုင်လိုက်ရင် အနည်းဆုံး တစ်ရာပဲ။ အခုနှစ်ရာဖြစ်နေပြီ။ အစစအရာရာ ဈေးတက်တာကိုး” ဟု ရာပြည့်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်‌ဦးက ပြောသည်။

အထက်ပါ ဆန်ဖြင့်ပြုလုပ်ကြသည့် မုန့်တို့တွင် ဆန်အားကြိတ်စက်ဖြင့် ကြိတ်ပြီး ရရှိလာမည့် ဆန်မုန့်သား၊ အုန်းသီးခြောက်ကြိတ်သားအရည်၊ သကြား စသဖြင့် ရောစပ်ပြီး ပြုလုပ်ကြလေ့ရှိကြကာ နံနက်ပိုင်းအချိန်တွင် မှာယူထားကြသည့်လက်ဖက်ရည်ဆိုင်များသို့ ပေးပို့ရောင်းချလေ့ရှိကြသည်။