မွေးထားတဲ့ တိရစ္ဆာန်တွေ ရောင်းပြေးကြရတော့

0
453

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးရမှုများလည်း ပိုမိုများပြားလာနေသည်။

ဒေသခံများမှာ နေအိမ်စွန့်ခွာထွက်ပြေးကြရာတွင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက် စသည့် တိရစ္ဆာန်များကို ထားရစ်ခဲ့ရသည်များရှိသလို ရရာဈေးဖြင့် ရောင်းချကာ ထွက်ပြေးကြသူများလည်းရှိသည်။

မွေးမြူထားသည့် တိရစ္ဆာန်များ ရောင်းချလိုက်မှုနှင့်အတူ လုပ်ငန်းများပျက်စီးသွားပြီး ရရှိသည်ငွေကြေးမှာလည်း ပြေးရင်းလွှားရင်းပင် စားစရိတ်ဖြင့် ကုန်သွားကြရသည်။

ယင်းကြောင့် ဒေသခံများမှာ ဒုက္ခများစွာဖြင့် စား၊ဝတ်၊နေရေးပင် ခက်ခဲနေကြရသည်။

ယင်းအခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“အကုန်လုံးအကြွေးနဲ့ ရောင်းလိုက်တယ်”

ထားဝယ်-ထီးခီးလမ်း အရှေ့တောဒေသခံတစ်ဦး

DW – ရွာမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ပြောပြပေးပါ။

ဖြေ – ဟုတ်တိုက်ပွဲဖြစ်တယ်။ ကြာပြီဖြစ်နေကြတာက။ ရွာထဲမှာကိုဖြစ်တာ။ ငါတို့အိမ်မှာ နေလို့မရတော့ဘူး။ အခု …… ရွာမှာ နေနေရတယ်။ တောထဲမှာ။ တဲလေးနဲ့ နေရတယ်။ မိသားစုတွေ အတူတူမနေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တဲကငယ်ငယ်လေး မိသားစုအားလုံးနေလို့မဆံ့ဘူး။

DW – ဦးတို့က ရွာမှာဘာတွေ လုပ်ကိုင်းစားသောက်ကြတာလဲ။ အခုရွာကအိမ်နဲ့ ပစ္စည်းတွေ ဘယ်လိုထားခဲ့ရတာလဲ။

ဖြေ – အိမ်ကတော့ ပြိုသွားပြီလာမသိဘူး။ ဟိုးတလောက အိမ်သွားကြည့်တာ မိုးတွေယိုနေတယ်။ မွေးထားတဲ့ အကောင်တွေကတော့ အကုန်ရောင်းပစ်လိုက်ပြီ။

DW – ဘာအကောင်တွေမွေးထားတာလဲ။ ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ။

ဖြေ – ဝက်၊ နွား မွေးထားတယ်။ ဝက်က အကုန်လုံး ဆယ်ကောင်လောက်ရှိတယ်။ နွားက ငါးကောင်ရှိတယ်။ ကြက်လည်းရှိတယ်။ ဘဲလည်းရှိတယ်။ အားလုံးရောင်းလိုက်ပြီ။ ပိုက်ဆံတော့ မရသေးဘူး။ အကုန်လုံးအကြွေးနဲ့ ရောင်းလိုက်တယ်။ (ကျပ်) သိန်း ၂၀ ဖိုးနဲ့ ရောင်းလိုက်တယ်။

DW – အားလုံးမှ အဲဒီလောက်ပဲ ရတာလား။

ဖြေ – မတတ်နိုင်ဘူးလေ။ ရွာကိုသွားလို့မှ မရတာ။ သူတို့ကို အစာမ‌ကျွေးနိုင်တော့ဘူးလေ။ စစ်တပ်က ရွာထဲ မနေနဲ့ပြောထားတယ်။ ပစ်သတ်မယ်တဲ့။ နေ့ဖက်တော့ တစ်ခါတလေ (ရွာထဲ) သွားလို့ရတယ်။ ညဖက်ဆို သွားမရဘူး။ စစ်တပ်က မနေခိုင်းဘူး။ အဲဒီတော့ မွေးထားတဲ့အကောင်တွေ ရတဲ့ဈေးနဲ့ ရောင်းပစ်လိုက်တာ။ ပိုက်ဆံလည်း မရသေးဘူး။

DW – ပုံမှန်ဆိုရင် ဘယ်လောက်ရမှာလဲ။ (ကျပ်) သိန်း ၂၀ ထက် ပိုရနိုင်လား။

ဖြေ – (ကျပ်) သိန်း ၅၀ လောက်တော့ ရမယ်ထင်တယ်။ အခုစားဖို့မရှိလို့ နည်းနည်း ယူသုံးနေရတယ်။ တစ်ခါယူရင် သုံးသောင်း၊ လေးသောင်း အဲဒီလို ယူသုံးနေရတယ်။ အိမ်ကိုလည်း ဘယ်တော့ပြန်ရမလဲ မသိသေးဘူး။ စားသောက်ရင်းနဲ့ ကုန်တော့မယ်။ အိမ်ပြန်နေရရင် ဘာလုပ်စားရမှန်း မသိတော့ဘူး။

DW – ဦးတို့ရွာမှာ လူဦးရေဘယ်လောက်ရှိလဲ။ အားလုံး ဦးတို့လိုပဲ မွေးထားတဲ့ ကောင်တွေရောင်းပြီး ‌ရှောင်နေရတာလား။

ဖြေ – ဟုတ်တယ်။ တစ်ရွာလုံးပဲ ရွာထဲမနေခိုင်းဘူး။ ကျန်တဲ့သူတွေမှာ ကျွဲတွေရှိတယ်။ အဲဒာတွေရောင်းတဲ့သူက ရောင်းနေကြတယ်။ ဈေးရနည်းလို့ မရောင်းတဲ့သူလည်းရှိတယ်။ နေ့ဘက်သွားသွားပြီး အစာကျွေးနေရတယ်။ တစ်ခါတလေဆိုလည်း မသွားရတော့ဘူး။ လမ်းမှာတိုက်ပွဲဖြစ်နေရင်။

DW – ဝယ်တဲ့သူတွေက အကောင်တွေကို ဈေးနှိမ်ပြီး ဝယ်ကြတာလား။

ဖြေ – သူတို့ပေးတဲ့ဈေးနဲ့ပဲ ဖြတ်လိုက်တယ်။ ဒီအတိုင်းထားထားရမယ့် အတူတူဆိုတော့။ ပြီးတော့ ဒီမှာလာနေတာ ဘာအလုပ်မှမရှိဘူး။ တောထဲနေရတာ။ ပိုက်ဆံလိုရင် တစ်ခါသွားတောင်း။ အဲဒီလိုတစ်ခါပြီးတစ်ခါ သွားတောင်းပြီး စားနေရတယ်။ ကလေးတွေ ကျောင်းထားလို့ရအောင် မွေးထားတာ။ အခုတော့ ရောင်းစားလိုက်ရတယ်။ ဘယ်တတ်နိုင်မလဲ။ ကျောင်းလည်း မတက်ရဘဲကိုး။

DW – စိတ်ထဲဘယ်လိုခံစားရလဲ။ ဒီလို ရှိတာရောင်းပြီး သူများရွာမှာနေရတဲ့အပေါ်မှာလေ။

ဖြေ – တော်တော်ဒေါသဖြစ်တယ်။ ငါတို့ကိုယ့်ဘာသာ အေးအေးဆေးဆေးနေကြတာ။ အခုမနေရဘူး။ စိတ်ထိန်းနေရတယ်။ တစ်ခါတလေ စိတ်လိုက်မာန်ပါ လုပ်လိုက်ချင်တယ်။

DW – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“ဆုံးရှုံးမှုကတော့အများကြီးပေါ့။ ပြန်ပြီးလည်ပတ်လို့ မရတော့လောက်တဲ့အထိပါပဲ”

ရေဖြူမြို့နယ် ဒေသခံတစ်ဦး

DW – ဘာတွေစီးပွားဖြစ်မွေးထားလဲ။ ဘယ်လောက်ရှိလဲ။

ဖြေ – မွေးမြူရေးဝက်တွေ မွေးထားတယ်။ အားလုံးဆိုရင် တစ်ဆယ်ကျော်လောက်ရှိတယ်။ အခုဆိုရင် နှစ်ဆယ်လောက်ရှိတယ်။ အာဏာမသိမ်းခင်ကတည်းက ‌မွေးထားတာ။

DW – အဲဒီမွေးမြူရေးလုပ်ငန်းက အရင်ကဆိုရင် မိသားစုစီးပွားရေးကို ဘယ်လောက်ထိ အထောက်အကူပြုလဲ။

ဖြေ – ကျွန်တော်တို့က ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုလာတာပဲလေ။ မိသားစု စားဝတ်နေရေးမှအစ ပညာရေး၊ ကျန်းမာရေး အကုန်ပေါ့ဗျာ။

DW – ဆိုတော့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်မှာ လုပ်ငန်းအပေါ် ဘာတွေထိခိုက်တာတွေရှိလဲ။

ဖြေ – စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ ပြေးရတယ်။ မွေးထားတဲ့ဝက်တွေ အစာငတ်တယ်။ စိတ်ပျက်လာတာပေါ့။ အကုန်ရောင်းထုတ်ပစ်လိုက်ရတယ်။ ဒီအခြေအနေနဲ့ ဘယ်လိုမွေးရတော့မလဲ။

DW – ရောင်းတဲ့အခြေနေမှာရော မှန်းထားတဲ့ဈေးနှုန်းတွေရသေးရဲ့လား။ ရောင်းချဖို့ဘယ်လောက်ထိ ခက်ခက်ခဲခဲဆုံးဖြတ်ရလဲ။

ဖြေ – လိုအပ်တဲ့ဈေးက ဘယ်လိုရတော့မလဲ။ ကိုယ်ကခေါ်ရောင်းရတာကို သူတိုပေးတဲ့ဈေး ဖြစ်သွားတာပေါ့။ ကိုယ်ကတောင်းနေလို့ ဘယ်ရတော့မလဲ။ ရသလောက်နဲ့ ရောင်းလိုက်ရတာပေါ့။ ကိုယ်လည်းစဉ်းစားရတာပေါ့လေ။ ဒီအခြေအနေမှာ ဆက်လုပ်နေလို့မှ မရတော့တာ။ လူတောင်မှ အိမ်မှာနေလို့ မရတော့တာ။ ဝက်ဆိုတာက အစာတွေရေတွေ ပုံမှန်မရတာလေ မကျွေးရရင် သူတို့လည်း ငတ်သေကြမှာကို။ နောက်ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေကို တွက်ဆပြီး ရောင်းလိုက်ရတာပေါ့။

DW – ဆုံရှုံးမှုအနေနဲ့ဘယ်လောက်ထိနစ်နာသွားလဲ။

ဖြေ – ဆုံးရှုံးမှုကတော့အများကြီးပေါ့။ ပြန်ပြီးလည်ပတ်လို့ မရတော့လောက်တဲ့အထိပါပဲ။ တန်ဖိုးကွာခြားချက်အနေနဲ့ဆိုရင် လေးသိန်းတန်တဲ့ ဝက်တစ်ကောင်ကို သုံးသိန်းလောက်နဲ့ ရောင်းလိုက်ရတယ်။ ဝက်မ သားဖောက်မှာ ဆယ်ကောင်မွေးရင် ကျွန်တော်တို့ ဆယ်သိန်းရနေပြီ ဝက်မကြီး တစ်ကောင်နဲ့ဆို ဆယ်ငါးသိန်းအထက်မှာပဲ ရှိတာလေ။ အခုကဆယ်သိန်းပေး ဆယ်သိန်းနဲရောင်းလိုက်ရတာပေါ့။  အမြတ်တောင်တွက်လို့ မရတော့ဘူး။ အရင်းတောင် မနည်းလုပ်ယူလိုက်ရတယ်။ ဈေးနှိမ်ပေးတဲ့သူရှိသလို ပေါက်ဈေးအတိုင်း ပေးတဲ့သူလည်း ရှိတာပေါ့နော်။ အရင်က ဒီလူပေးတဲ့ဈေးမကြိုက်ရင် နောက်တစ်ယောက် ခေါ်ရောင်းရုံပဲလေ။ အခုက သိန်းခြောက်ဆယ်လောက်တန်တဲ့သားဖောက် ဝက်မလေးကောင်ကို သိန်းလေးဆယ်လောက်နဲ့ ရောင်းလိုက်ရတယ်။ တစ်ကောင်လေးသိန်းလောက်တန်တဲ့ သားတိုးဝက် ဆယ်ငါးကောင် ကို တစ်ကောင်သုံးသိန်းနှုန်းနဲ့ ရောင်းလိုက်ရတာပေါ့။

DW – ဒီဆုံးရှုံးမှုက မိသားစုအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်ခဲ့သလဲ။

ဖြေ – အစကပုံမှန်ဝင်ငွေနဲ့ မိသားစားဝတ်နေရေး လည်ပတ်ပြီးသုံးစွဲနေရသေးတယ်ပေါ့။ အခုကရှိတဲ့အရာတွေ ကုန်လာပြီ။ နောက်ဆိုရင် ချေးသုံးရမဲ့အခြေအနေ ဖြစ်လာတော့မယ်ပေါ့။ အဲဒီလိုကိန်းဆိုက်တော့ ဆိုက်နေတာပေါ့ဗျာ။ ကုန်လာပါပြီ။ ကျွန်တော်တို့မှာ တဖြည်းဖြည်းနဲ့ ကျွန်တော်တစ်ယောက်တည်းဆို နိုင်ငံခြားထွက်သွားတာကြာပေါ့။ အခုက မိသားစုကလည်း တစ်ဖက်မှာရှိနေတော့ အခြေအနေကြည့်ပြီး မှေးနေရတယ်ပေါ့။ မတတ်သာလို့ရှိရင် ထွက်ရတော့မှာပေါ့လေ။ မွေးမြူရေးကတော့ ဘယ်နည်းနဲ့မဆို လုပ်မရတော့ဘူးလေ။ သူတို့စစ်ကြောင်း ဘယ်အချိန်ထိုးလာမလဲမှမသိတာ စစ်ကြောင်းလာရင်ပြေး ဝက်တွေက အစာငတ်နဲ့ ဒီလိုပဲဖြစ်နေဦးမှာဆိုတောလေ။

DW – စစ်ကြောင်းထိုးတဲ့ကာလတွေမှာ ဝက်တွေကို ရိက္ခာအဖြစ်ယူသွားတာမျိုးရှိလား။

ဖြေ – ဝက်တွေကိုတော့မယူဘူး။ ကြက်တွေ၊ ဆန်တွေ၊ ဆီတွေစားနပ်ရိက္ခာတွေ၊ ကုန်ခြောက်တွေ အဝတ်အစားတွေကိုတော့ ယူသွားတာပေါ့လေ။ စိတ်တော့ပူတာပေါ့။ သူတို့ပဲယူသွားမလား ချက်ပဲချက်စားနေမလားဆိုပြီး။

DW – တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ – ဒီလိုတွေမဖြစ်စေချင်တော့ဘူး။ အေးအေးဆေးဆေးနေသွားချင်တယ်။ ပြေးနေရလွှားနေရတာတွေ မဖြစ်ချင်တော့ဘူး။ ကျွန်တော်လည်း မကြုံချင်တော့သလို ကျန်တဲ့သူတွေလည်း မကြုံစေချင်တော့ဘူး။ ကျွန်တော်က လောလောဆယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။

DW – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။