တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
640

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

ကုလ ကိုယ်စားလှယ်လုပွဲ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် ပြည်တွင်း၊ ပြည်ပတွင် တောင်းဆိုနေကြသည်။

ကုလသမဂ္ဂ၏ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရေးအတွက် ဆက်လက်အတည်ပြုပေးရန် နိုင်ငံတဝန်းနှင့် ပြည်ပနိုင်ငံ များအပြင် အင်တာနက်လူမှုကွန်ရက်တွင်ပါ ယခုသီတင်းပတ်အတွင်း ဆန္ဒဖော်ထုတ်တောင်းဆိုနေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့ တွင် စက်တင်ဘာ ၄ ရက်နေ့က ‘UN Prove your existence for justice’ စာတမ်းချိတ်ဆွဲခဲ့သလို့ စက်တင်ဘာလ ၁၇ ရက်မှာလည်း နယူးယောက်နှင့် လန်ဒန်မြို့ကြီးများတွင် ဆန္ဒဖော်ထုတ်ကြဦးမည်ဖြစ်သည်။

စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို လက်မခံရန် တောင်းဆိုကြခြင်းလည်းဖြစ်သည်။

ယခုလအတွင်းကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီက ကိုယ်စားပြုခွင့်ရမည့်သူကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကမူ မြန်မာကိုယ်စားလှယ်စိစစ်ရေးကို ဆိုင်းငံ့ထား သဖြင့် ဦးကျော်မိုးထွန်းမှာ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုခွင့်ရနေခြင်းဖြစ်သည်။

ကုလသမဂ္ဂအရာရှိများ၊ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) နှင့် နိုင်ငံတကာ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့ IUF တို့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုရန် စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ငွေကြေးစောင့်ကြည့်အဖွဲ့ မြန်မာကို အမည်ပျက်စာရင်းသွင်းနိုင် 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှုများကို တားဆီးနိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများ စုစည်းတည်ထောင်ထားသည့် ပြင်သစ်အခြေစိုက် Financial Action Task Force (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်ဖွယ် ရှိနေသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှုများကို တားဆီးနိုင်ရန် ပျက်ကွက်သည်ဟုဆိုကာ ထည့်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းသို့ ထည့်သွင်းရန် FATF အဖွဲ့ဝင်များ အောက်တိုဘာလတွင် ဆုံးဖြတ်အတည်ပြုနိုင်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ် သည့် သံတမန်များ၏ပြောဆိုချက်ကို ကိုးကားက Nikkei Asia က စက်တင်ဘာလ ၇ ရက်တွင် သတင်းဖော်ပြသည်။

FATF သည် အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကိုလည်း အမည်ပျက်စာရင်းသွားထားသေးသည်။ မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ပါက မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ခက်ခဲသွားကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်လည်း ခက်ခဲသွားမည်ဖြစ်သဖြင့် စစ်ကောင်စီအတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်ကြောင်း Nikkei Asia က ရေးသားသည်။

ဒုက္ခသည် တစ်သိန်းတိုးလာ

မြန်မာနိုင်ငံတွင် ဩဂုတ်လအတွင်း ဒုက္ခသည်တစ်သိန်းကျော်တိုးလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCH) ရုံးက စက်တင်ဘာလ ၅ ရက်က ထုတ်ပြန်သည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှစတင်ကာ ပြီးခဲ့သည့်ဇူလိုင်လအထိ ဒုက္ခသည် ၈၆၆,၀၀၀ ဦးရှိရာမှ ဩဂုတ်လတွင် ၉၇၄,၀၀၀ ဦးအထိရှိလာကြောင်းဖော်ပြသည်။ အာဏာသိမ်းမှုမတိုင်ခင်က ဒုက္ခသည် သုံးသိန်းကျော်ရှိသဖြင့် မြန်မာ နိုင်ငံတွင် စုစုပေါင်းဒုက္ခသည် ၁ဒသမ၃သန်းကျော်ရှိလာပြီဖြစ်သည်ဟု UNOCHA က ဆိုသည်။

အာဏာသိမ်းပြီးနောက် တိုးလာသည့်ဒုက္ခသည်များတွင် စစ်ကိုင်း၌ ငါးသိန်းနှစ်သောင်းကျော်ဖြင့် အများဆုံးရှိနေပြီး မကွေးတွင် တစ်သိန်းနီးပါး၊ ကရင်တွင် ရှစ်သောင်းကျော်၊ ကရင်တွင် ခုနစ်သောင်းကျော် ရှိကာ ရှမ်း၊ ချင်း၊ ပဲခူး၊ တနင်္သာရီ၊ မွန်တို့တွင်လည်း သောင်းနှင့်ချီရှိနေသည်။ ရခိုင်နှင့် ကချင်တွင် အာဏာသိမ်းမတိုင်ခင်ကပင် ဒုက္ခသည် သိန်းချီရှိနေသည်။

ရွှေဈေးထိန်းရန်ဆိုသော်လည်း ရွှေဒင်္ဂါးကို ပြင်ပဈေးဖြင့်သာ ထုတ်ရောင်း

ရွှေဈေးကွက် တည်ငြိမ်စေရန်အတွက်ဟုဆိုကာ စစ်ကောင်စီက ရွှေဒင်္ဂါးများကို ထုတ်ရောင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းမဟုတ်ဘဲ ပြင်ပဈေးကွက်ပေါက်ဈေးနီးပါးဖြင့်သာ ရောင်းချခဲ့သည်။

နေပြည်တော် ကျောက်မျက်ရတနာပြတိုက်တွင် စက်တင်ဘာလ ၅ရက်က စတင်ရောင်းချပြီး ရွှေဒင်္ဂါး တစ်ကျပ်သားကို ကျပ် ၂,၉၅၀,၀၀၀နှင့် ဘူးခွံခ ကျပ်လေးသောင်း စုစုပေါင်း ကျပ်၂,၉၉၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။

စစ်ကောင်စီက ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချခိုင်းထားသည့် ရွှေလုပ်ငန်းရှင်အသင်း၏ ယင်းနေ့က ရည်ညွှန်း ဈေးမှာ ကျပ်သိန်း ၂၀ ဝန်းကျင်သာ ရှိခဲ့သည်။ ယင်းနေ့ ပြင်ပပေါက်ဈေးမှာ ကျပ် ၃၁သိန်းကျော် ရှိခဲ့သည်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ကမ္ဘာ့ပေါက်ဈေး ကြမ်းခင်းဈေးအပေါ် အခြေခံ၍တွက်ချက် ရောင်းချခြင်းဖြစ် သည်ဟု ဆိုသည်။

ရည်ညွှန်းဈေးအတိုင်းမဟုတ်ဘဲ ပြင်ပပေါက်ဈေးဖြင့်သာ ရောင်းချသဖြင့် ရွှေဈေးကွက်ကို စစ်ကောင်စီက ထိန်းနိုင်မည်မဟုတ်ကြောင်းလည်း ဝေဖန်မှုများရှိနေသည်။

အူရီဒူးမြန်မာလည်း ထွက်တော့မည်

ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အူရီဒူး မြန်မာကို အမေရိကန်ဒေါ်လာ ၅၆၇ သန်းဖြင့် ရောင်းချရန် သဘောတူလိုက်ပြီဖြစ်သဖြင့် မြန်မာနိုင်ငံကို စွန့်ခွာမည့် ဒုတိယမြောက် ဆက်သွယ်ရေးလုပ်ငန်း ဖြစ်လာတော့မည် ဖြစ်သည်။

စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီကို ရောင်းချလိုက်ပြီး ယင်းကုမ္ပဏီကို Link Family Office နှင့် ဦးဉာဏ်ဝင်းဆိုသူက ပိုင်ဆိုင်ပြီး ဦးဉာဏ်ဝင်းမှာ ဆက်သွယ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိသည်ဟု Ooredoo ကုမ္ပဏီက ထုတ်ပြန်သည်။

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံကဆက်သွယ်ရေးလုပ်ငန်းလည်း လက်ဘနွန် သူဌေးပိုင် M1 Group ကို ရောင်းချကာ ထွက်ခွာသွားခဲ့သည်။

လူနာတင်ယာဉ် တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့ရှိ အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်း၏ အရေးပေါ်လူနာတင်ကားတစ်စီး စက်တင်ဘာလ ၈ရက်ညတွင် လူနာပို့ပြီးအပြန်လမ်း၌ တိုက်ခိုက်ခံခဲ့ရသည်။

မော်လမြိုင်မြို့သို့ လူနာပို့ပြီး ရေးမြို့သို့အပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးအရောက်တွင် ပစ်ခတ်ခံရ ပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကားမောင်းသူ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ယင်းအသင်း တာဝန်ရှိသူက ပြောဆိုထားသည်။

မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို လက်သည်မပေါ်သေးပေ။ သို့သော် အရေးပေါ်လူနာတင်ဆောင်ပေးနေသည့် ကားအား တိုက်ခိုက်ခြင်းကို လက်မခံကြောင်း ပြစ်တင်ရှုတ်ချကြသလို လူနာများအတွက် အခက်အခဲဖြစ်သွားနိုင်ကြောင်းလည်း ထောက်ပြကြသည်။ 

စစ်ကောင်စီဥက္ကဋ္ဌကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ်တွေ့

အာဏာသိမ်းကာလ ၁၉ လတာအတွင်း ရုရှားနိုင်ငံသို့ သုံးကြိမ်သွားရောက်ခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် စက်တင်ဘာလ ၇ ရက်တွင် ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ သည်။

ရုရှားတွင် ကျင်းပသည့် စီးပွားရေးထိပ်သီးဖိုရမ်ကို တက်ရောက်လာသူများကို သမ္မတ ပူတင်က လက်ခံတွေ့ဆုံခဲ့ရာ တွင် စစ်ကောင်စီဥက္ကဋ္ဌလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် စစ်ကောင်စီဥက္ကဋ္ဌက ရုရှားသမ္မတ ပူတင်ကို ကမ္ဘာ့ရေးရာများကို သမာသမတ်ကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု အမွှန်းတင်ခဲ့သည်။

နှစ်နိုင်ငံကြား စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးတက်လာပြီး ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ တိုးချဲ့ ဝယ်ယူမည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌက ရုရှားခရီးစဉ်တွင် မီဒီယာသို့ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရမှ လာတော့မည့် ကုလအထူးကိုယ်စားလှယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိမှသာလျှင် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် လာတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုဟေဇာလင်းက ပြောဆိုလိုက်သည်။

စင်ကာပူနိုင်ငံရှိ ISEAS အင်စတီကျူ့က စက်တင်ဘာ ၅ရက်က ပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ရန် ရှိမရှိ မေးမြန်းမှုကို ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်က အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ သို့သော် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ပေ။

အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ထိရောက်မှု မရှိသည့်အပြင် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ ရောက်နေသည်ဟု ဝေဖန်ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဆိုးသထက်ဆိုးလာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို အထူးကိုယ်စားလှယ်မထားဘဲ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ပေးရန်လည်း အရပ်ဖက်အဖွဲ့ ၈၆၄ဖွဲ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ဩဂုတ်လ ၂၂ရက်တွင် စာရေးသားပေးပို့ တောင်းဆိုခဲ့ကြသည်။