ကျရိပ်ပြပြီး ဈေးငြိမ်နေသည့် ဘတ်၊ ရွှေနှင့် စက်သုံးဆီ သုံးသပ်ချက်

0
996

တနင်္သာရီတိုင်းသားများအတွက် အရေးပါလှသည့် ဘတ်၊ ရွှေ‌ဈေးမှာ ကျရိပ်ပြပြီး ယခုအပတ်တွင် ဈေးငြိမ်နေသည်။

စက်သုံးဆီ.ဈေးနှုန်မှာမူ အကျဘက်ကို ဦးတည်နေသည်။

တောင်ပိုင်းသားများ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းတို့၏ စျေးကွက်လားရာ ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်တို့ကို ဖော်ပြအပ်ပါသည်။

အကျပြပြီး ငြိမ်သယောင်ရှိသည့်ဘတ်‌ဈေး

စက်တင်ဘာလဆန်းတွင် ကျရိပ်ပြခဲ့သည့် ဘတ်ဈေးမှာ ယခုအပတ်တွင် ကျပ် ၉၀ တန်းတွင် ငြိမ်နေသည်။

ဩဂုတ်လ လကုန်းပိုင်းတွင် နေ့စဉ်ဆက်တိုက် အတက်ကြမ်းခဲ့သည့် ထိုင်းဘတ်ဈေးမှာ တစ်ဘတ်လျှင် ငွေကျပ် တစ်ရာနီးပါးအထိ တက်သွားခဲ့သည်။

ထိုနောက် စက်တင်ဘာလဆန်းတွင် ပြန်ကျလာခဲ့ပြီးနောက် စက်တင်ဘာလ ၅ ရက်(တနင်္လာနေ့)တွင် ကျပ် ၉၀ ဖြစ်လာသည်။

ယင်းနောက် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမှာ တစ်ဘတ်လျှင် ကျပ် ၉၀ ဝန်းကျင်တွင်ပင် ငြိမ်နေခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်(စနေနေ့)တွင်မူ ထိုင်းတစ်ဘတ်လျှင် ၉၂ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေခဲ့သည်။

ထိုင်း-မြန်မာငွေလဲလုပ်ငန်းရှင်အချို့၏ ခန့်မှန်းချက်အရ ထိုင်းဘတ်ငွေဈေးမှာ ငြိမ်နေမည့် အခင်းအကျင်းဖြစ်နေသည်ဟု ဆိုသည်။

ကျပ်ငါးသောင်းခန့် ပြန်တက်လာသည့် ရွှေ

‘ကမ္ဘာ့ရွှေစျေး ရက် ၃၀ အခြေပြဇယား (goldprice.org)’

ကမ္ဘာ့ရွှေပေါက်စျေးထက် မြင့်နေသည့် ပြည်တွင်းရွှေဈေးမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အဆမတန်မြင့်တက်ခဲ့သည်။

ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်း ဝန်းကျင်အထိ ဈေးပေါက်ရာမှ စက်တင်ဘာလဆန်းတွင် ဈေးကျသွားခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးသောင်း(၃၀၅၀၀၀၀)ကျပ်အထိ ပြန်ကျသွားခဲ့သည်။

ထိုသို့ပြန်ကျပြီး ယခုအပတ်တွင်မူ ကျပ်ငါးသောင်းခန့် ပြန်တက်လာပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် သုံးဆယ့်တစ်သိန်း(၃၁၀၀၀၀၀)ကျပ် ဖြစ်လာခဲ့သည်။

လက်ရှိရွှေဈေးမတည်ငြိမ်မှုကြောင့် အဝယ်နည်းပြီး အရောင်းများနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

 “အချို့ကလည်း ငွေလိုရင် ရွှေဈေးတက်လွန်းလို့ မရောင်းဘဲ ပေါင်ကြတာလည်းရှိတယ်” ဟု အထက်ပါဆိုင်ပိုင်ရှင်က ပြောသည်။

စျေးကျနေသည့် စက်သုံးဆီ

ကမ္ဘာ့ရေနံစိမ်းစျေး ကျဆင်းမှုနှင့်အတူ လောင်စာဆီစျေးများ ကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်တွင်လည်း ဓာတ်ဆီစျေးမှာ အကျဘက်တွင်ရှိနေသည်။

စစ်ကောင်စီကထုတ်ပြန်သည့် စက်သုံးဆီ ရည်ညွှန်းဈေးနူန်း ကျဆင်းလာသည်။

စက်တင်ဘာလ ၅ ရက်နေ့က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၄၆၅ ကျပ် ပေါက်ဈေးရှိရာမှ စက်တင်ဘာလ ၁၀ ရက်(စနေနေ့) တွင် ၂၄၃၅ ကျပ်ဖြစ်လာသည်။

အဆိုပါဈေးနှုန်းမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးသည့် နှုန်းထားဖြစ်သည်။

စစ်ကောင်စီ၏ ရည်ညွန်းဈေးမှာ မြေပြင်‌ဈေးနူန်းနှင့် ကွာဟနေ‌‌ပြီး မြို့ပေါ်နှင့် ကျေးလက်ပေါက်ဈေးမှာ ၁၅၀၀ ကျပ်အထိ ကွာဟနေသည်။

ပန့်ခ်ဖြင့်ရောင်းချသည့် ပြင်ပဆိုင်များတွင် တစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း ဒေသခံများက ဆိုသည်။

ထားဝယ်တွင် ဩဂုတ်လအစောပိုင်းက စက်သုံးဆီ ပြတ်တောက်ခဲ့သဖြင့် အလုအယက်ဝယ်ယူခဲ့ကြရသည်။

စျေးကွက်သုံးသပ်ချက်

ပြည်တွင်းရွှေစျေးကွက်မှာ ဒေါ်လာစျေးအတက်အကျဖြင့် ချိတ်ဆက်နေပြီး မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ပြင်ပစျေးကွက်သို့ အရောင်းအဝယ် ပြုနေခြင်းဖြစ်သည်။

ပြည်ပစျေးကွက်တွင် ရွှေစျေးကျပါက မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ ‌ရွှေများဝင်ရောက်လာပြီး ပြည်တွင်းရွှေစျေးကျပါက မှောင်ခိုစျေးကွက်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ကြသည်။

ရွှေကုန်သည်များမှာ ရွှေနှင့်ကန်ဒေါ်လာကို မှောင်ခိုစျေးကွက်မှတစ်ဆင့် ကစားနေကြခြင်းဖြစ်ပြီး ပြည်တွင်းရွှေစျေးကျချိန်တွင် ပြည်ပသို့‌ရွှေများထုတ်ပြီး ပြည်ပမှ ကန်ဒေါ်လာများ ပြန်သွင်းလာကြသည်။

ယင်းကြောင့် ပြည်တွင်းရွှေနှင့် ဒေါ်လာစျေးကွက်မှာ ပြည်ပရွှေစျေးကွက် အတက်၊အကျပေါ်မူတည်ပြီး အပြောင်းအလဲကို တိုက်ရိုက်ခန့်မှန်းလို့မရပေ။

သို့သော် ကမ္ဘာ့ရွှေထွက်ရှိမှု အများဆုံးနိုင်ငံထဲက တစ်ခုဖြစ်သည့် ရုရှားနိုင်ငံမှာ စီးပွားရေး ကန့်သတ်ပိတ်ဆို့ခံထားရမှုကြောင့်ရုရှားရွှေစျေးကျနေမှုက မြန်မာနိုင်ငံ ရွှေမှောင်ခိုစျေးကွက်အပေါ် ရိုက်ခတ်မှု ဖြစ်လာနိုင်သည်။

လတ်တလော ထွက်ရှိနေသည့် သတင်းများအရ ရုရှားရွှေများပြည်တွင်း ဝင်ရောက်လာဖွယ် ရှိနေမှုကြောင့် ရွှေစျေးမှာ အကျဘက်ရောက်နိုင်သော်လည်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေမှုကြောင့် အလွန်အမင်းကျဆင်းဖွယ် မရှိပေ။

သို့သော် ပြည်တွင်းရွှေကိုင်ထားမည်ဆိုပါက ရေရှည်တွင် စျေးကျလာမှုကို ကြုံတွေ့ရဖွယ်ရှိနေသဖြင့် သတိထားသင့်သည့် အခြေအနေဖြစ်နေသည်။

ပြည်တွင်းရွှေစျေးနှုန်းမှာ ယခုနှစ်ကုန်ပိုင်းတွင် အကျဘက်ရောက်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။