ပုလော ခမောင်းတောရွာက အမျိုးသမီးသုံးဦး အဖမ်းခံရ

0
392

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခမောင်းတောရွာတွင် အမျိုးသမီးသုံးဦး အဖမ်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ခမောင်းတောရွာနေ အသက် ၆၀ အရွယ် ဒေါ်ကြည်ဆိုသူ အမျိုးသမီးအပါအဝင် အမျိုးသမီးငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က ခမောင်းတောရွာနေ အမျိုးသားဆယ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသားဆယ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် စက်တင်ဘာ ၉ ရက်နေ့ညနေတွင် ဒေါ်ကြည်ဆိုသူအား ထပ်မံလာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကောင်မလေးနှစ်ယောက်ရဲ့ ဖုန်းထဲမှာ စာတွေတွေ့လို့ဆိုပြီး ဖမ်းပြီးစစ်ဆေးနေတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေါ်ကြည်ကိုမူ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းသွားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

“အဖမ်းအဆီးများလို့ ခမောင်းတောမှာ လူမရှိတော့ဘူး။ အကုန်လုံးအိမ်ပိတ်ပြီး ပြေးကုန် ရှောင်ကုန်ကြပြီ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ခမောင်းတောရွာသည် ပုလောမြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိကာ အိမ်ခြေ သုံးဆယ်ကျော်သာရှိသည့် ရွာငယ်တစ်ရွာဖြစ်ပြီး အများစုသည် ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့ဖမ်းဆီးခံရသည့် စက်တင်ဘာ ၈ ရက်နေ့တွင် ပလမြို့နယ်ခွဲ တိုရွာအနီးတွင် ဆယ်မိနစ်ခန့်တိုက်ပွဲ ဖြစ်ပွါးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံး၊ထိခိုက်မှု အချို့ရှိခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး၊ တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။