ထိုင်း ပထုန်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများအတွက် လျော်ကြေး ဘတ်ကိုးသိန်းကျော်ရ

0
480
Photo - ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၉ ဦးအတွက် လျော်ကြေးဘတ် ကိုးသိန်းကျော် (ကျပ်သိန်း ၈၂၀ကျော်) ကို စက်တင်ဘာလ ၉ရက်နေ့တွင် ရရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ထံမှ သိရှိရသည်။

ပထုန်ဌာနီခရိုင်ရှိ ရေသန့်ဘူးစက်ရုံတစ်ရုံတွင် ကိုဗစ်ကာလအတွင်းကနေ အလုပ်သမားများ လျော့နည်းလာသဖြင့် မြန်မာအလုပ်သမား ၂၉ ဦးသည် စက်ယန္တရားနှင့် လူအင်အားမမျှတဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ရကြောင်း MWRN ထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားဦးရေ ထပ်တိုးပေးရန် သုံးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ တောင်းဆိုခဲ့သော်လည်း လုပ်ဆောင် မပေးသည့်အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအလုပ်သမားများကို လျော်ကြေးမပေးဘဲ အလုပ်ထုတ်ပယ်ခဲ့ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်သမားများက ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (စဝါဒီကမ်ရုံး) သို့ အမှုဖွင့် တိုင်ကြားခဲ့ပြီး အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက အမှုအတွက် လျော်ကြေးငွေ ဘတ်နှစ်သန်းကျော် ပေးချေရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း MWRN က အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

သို့သော်လည်း အလုပ်ရှင်ဘက်မှ မကျေနပ်သဖြင့် စာရဘူရီခရိုင်ရှိ အမှတ် (၁) အလုပ်သမားတရားရုံးသို့ အယူခံ တင်သွင်းခဲ့ရာ အမှုဆက်လက်ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းတရားရုံးတွင် အလုပ်ရှင်နှင့် အလုပ်သမားများတို့ကို သုံးကြိမ်ညှိနှိုင်းမှုအပြီးတွင် မူလလျော်ကြေး၏ ၄၀ ရာခိုင်နှုန်းကို ပေးချေရန် သဘောတူညီမှုရရှိခဲ့သဖြင့် တရားရုံးက ဘတ် ၉ သိန်းကျော်ပေးချေရန် အမိန့်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း MWRN ထံမှ သိရသည်။

အလုပ်သမား ခြောက်ဦးမှာ ဘဏ်စာအုပ်မရှိသဖြင့် ၎င်းနေ့တွင် ချက်ချင်းလျော်ကြေးငွေသား ထုတ်ယူနိုင်ခဲ့ပြီး ကျန်မြန်မာအလုပ်သမားများမှာ ဘဏ်အကောင့်ထဲသို့ ၇ ရက်အကြာတွင် ရရှိလာမည်ဖြစ်ကြောင်း ကိုဇော်က ပြောသည်။

“စက်တစ်လုံးကို ပုံမှန် သုံးယောက်လုပ်တာကို နှစ်ယောက် တစ်ယောက်ပေးလုပ်ထားတော့ အလုပ်သမားတွေက မနိုင်တော့လို့ ရုံးခန်းမှာ သွားတိုင်ပင်ကြတယ်။ သုံးကြိမ်သွားတိုင်ပင်တာကိုတောင် လက်မခံဘဲ အလုပ်ထုတ်ကြောင်း စာကပ်လိုက်တာ။ အဲဒီကနေ တိုင်ချက်ဖွင့်ပြီး အမှုဆိုင်လာတာ၊ မနေ့က အလုပ်သမားတွေက ပြေလည်မှု ယူလိုက်ကြတာပဲ” ဟု ကိုဇော်က ဆိုသည်။
 
အလုပ်သမားများသည် လုပ်ငန်းခွင် အဆင်မပြေမှုများကို အလုပ်ရှင်ထံ တင်ပြဆွေးနွေးပိုင်ခွင့်ရှိပြီး ထိုအကြောင်းပြချက်ဖြင့် အလုပ်ထုတ်ပိုင်ခွင့် မရှိကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများသည် လုပ်ငန်းခွင်တွင် ရက်ပေါင်း ၁၂၀ ကြာသည်အထိ အလုပ်လုပ်ခဲ့ပါက ထိုင်းအလုပ်သမား ဥပဒေအရ တရားဝင်အလုပ်သမားဖြစ်ပြီး အလုပ်ရှင်ဘက်က လျော်ကြေးမပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့် မရှိပေ။

အကြောင်းမဲ့အထုတ်ခံရပါက ၃ ရက်အတွင်း မိမိခရိုင်အတွင်းရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားရမည်ဖြစ်သည်။