ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာခန့် အလုပ်ထုတ်ခံရမှု ညှိနှိုင်းမှုမပြေလည်သဖြင့် အလုပ်ရှင်ကိုတရားစွဲ

0
539

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၂၀၀ ခန့် အလုပ်ထုတ်ခံရမှုကို ညှိနှိုင်းရာ မပြေလည်သဖြင့် အလုပ်ရှင်ကို တရားစွဲလိုက်ပြီဖြစ်ကြောင်း အလုပ်သမား များနှင့် အဆိုပါအလုပ်သမားများ ကူညီဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။

နခွန်ပထုန်ခရိုင် အုန်းရိုင်ရှိ Big C ကုန်တိုက်အနီးတွင်ရှိသော Sukboontip Co., Ltd အထည်ချုပ်စက်ရုံတွင် တရားဝင် လုပ်ကိုင်သည် မြန်မာအလုပ်သမားများကို စက်တင်ဘာလ ၅ရက်က လစာထုတ်ပေးပြီးနောက် အလုပ်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

MoU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ရန်အတွင် စက်ရုံတွင် လုပ်သက်ကြာနေပြီဖြစ်သည့် မြန်မာအလုပ်သမားများကို အလုပ်ထုတ်ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

“MOU တွေ နောက်ထပ်လာမယ်ကြားလို့ ထုတ်တယ်ပြောတယ်။ စက်ရုံက အရှုံးပေါ်လို့ဆိုပြီးလည်း ပြောတယ်။ သူတို့ဘက်က အကြောင်းတိတိကျကျ မပေးနိုင်ဘူး။ စက်ချုပ်တာနှေးလို့ဆိုပြီး အပြစ်တွေရှာထုတ်တာလည်း မြင်ရတယ်။ တချို့က အခုမှရိုက်ထားတဲ့ ဘတ် (အလုပ်သမားကတ်) လည်း မရသေးသလို ဘတ်ဖိုးလည်း ပြန်မပေးဘူး” ဟု အထုတ်ခံရသော အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်ထုတ်ရာတွင် အလုပ်သမားအခွင့်အရေးအတိုင်း လျော်ကြေး မပေးဘဲ နစ်နာကြေး ဘတ် ၂၀၀ဝသာ ပေးသဖြင့် အလုပ်သမားအများစု မယူဘဲ စက်တင်ဘာ ၈ရက်နေ့တွင် ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။

စက်တင်ဘာလ ၉ရက် နံနက် ၁ဝနာရီမှ ညနေ ၃ နာရီအထိ ထိုင်းနှင့် မြန်မာအလုပ်သမားအဖွဲ့များ၊ ထိုင်းအလုပ်သမား ဌာနမှ တာဝန်ရှိသူများသည် အလုပ်ရှင်နှင့်ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်မှုမရသဖြင့် အလုပ်သမားများက တရားစွဲဆိုလိုက်ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) မှ ဦးရဲမင်းက ပြောသည်။

AAC အနေဖြင့် အလုပ်သမားများဘက်က ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်ထုတ်မယ်ဆိုရင် စာရွက်စာတမ်း ပြည့်စုံအောင်ပြုလုပ်ပေးရမယ်။ အခုမလုပ်ပေးနိုင်သေးဘူးဆိုရင် အလုပ်ပြန်ခန့် ပေးရမယ်။ မခန့်ပေးနိုင်ဘူးဆိုရင် အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူပေးရမယ်။ အဲဒါတွေ ညှိတာ အလုပ်ရှင်က နစ်နာကြေး ၂၀၀၀ ပဲပေးမယ်တဲ့။ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်သမားအဖွဲ့ကနေ အလုပ်ရှင်ကို တရားစွဲလိုက်ပြီ” ဟု အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်သမားကတ်ပြုလုပ်ရန် ကုန်ကျငွေပေးချေထားပြီးဖြစ်သော်လည်း အလုပ်သမားအများစုမှာ အလုပ်သမားကတ် မရရှိသေးခင် အလုပ်ထုတ်ခံရသဖြင့် အလုပ်အသစ်ရှာရမည်ဆိုလျှင် ပို၍ခက်ခဲမည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်လုပ်ခွင့်လက်မှတ်မရှိ၊ Work Permit မရှိသောသူများသည် စက်ရုံအသစ် လျှောက်ရာတွင် လက်ခံနိုင်ခြင်း မရှိနိုင်သဖြင့် အလုပ်အသစ်လျှောက်ရန်အတွက်လည်း အခက်အခဲဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။

အထုတ်ခံရသော မြန်မာအလုပ်သမား ၂၀၀ ခန့်တွင် လုပ်သက်အနည်းဆုံး ၃ လမှ တစ်နှစ်ဝန်းကျင် လုပ်ကိုင်ထားသူ အများစု ပါဝင်နေပြီး လာမည့် ၁၅ ရက် လစာရှင်းသော အချိန်တွင်လည်း အလုပ်သမားအချို့ ထပ်မံ အထုတ်ခံနိုင်ရကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများသည် အလုပ်သို့ ဝင်ရန်အတွက် စမတ်ကြေး (အလုပ်လျှောက်ပေးခြင်း) အဖြစ် ဘတ် ၁၅၀၀ မှ ၃၀၀၀ အထိ ပေးခဲ့ရပြီး အလုပ်သမားကတ်ပြုလုပ်ရန်အတွက် ဘတ် ၁၂၀၀၀ ကိုလည်း ပေးခဲ့ရကြောင်း အလုပ်သမားများက ပြောဆိုသည်။

အုန်းရိုင်ရှိ Big C ကုန်တိုက်အနီးတွင်ရှိသော Sukboontip Co., Ltd အထည်ချုပ်စက်ရုံသည် လွန်ခဲ့သော နှစ်များ ကလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိခဲ့ဖူးကြောင်း AAC မဟာမိတ်အဖွဲ့မှ ရဲမင်းက ပြောသည်။