ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ် ဈေးထပ်တက်

0
435

ကုန်ဈေးနှုန်း ကြီးလာခြင်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးလည်း ထပ်တက်လာကြောင်း‌ ထားဝယ်ဒေသခံအချို့က ပြောသည်။

ထားဝယ်တွင် ယခင်က ၃၀၀ ကျပ်တန် မုန့်လက်သုပ်မှာ တစ်ပွဲ ၄၀၀ ဖြစ်လာပြီး ၄၀၀ ကျပ်ဖြင့်ရောင်းနေသည့်ဆိုင်တွင် တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာသည်ဟု မုန့်လက်သုပ် မကြာခဏဝယ်စားနေသည့် ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“လေးရာတန်ဆိုင်မှာဆို မုန့်လက်သုပ်က နှစ်လုတ်စာလောက်ပဲပါတယ်၊ ငါးရာတန်ဆိုင်မှာကတော့ ပုံမှန်တိုင်းပါတယ်၊ အရင်ကဆို မုန့်လက်သုပ်တစ်ပွဲစားရင် ဝသွားတာပဲ၊ အခုက နှစ်ပွဲလောက်စားမှ ဝဝလင်လင်စားရတယ်” ဟု ၎င်းကဆိုသည်။

မုန့်လက်သုပ်ဈေးတက်လာသည်မှာ ကုန်ဈေးနှုန်းများ သိသိသာသာ တက်လာသည့်အချိန်မှ စတင်တက်လာခြင်းဖြစ်ကြောင်း မုန့်လက်သုပ်စားသုံးသူ အချို့ကပြောသည်။

ငါးဥနှင့် မုန့်လက်သုပ်မှာ ယခင်က တစ်ပွဲလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ ခန့်သာပေးရသော်လည်း ယခုအခါ ငါးဥဖြင့် မုန့်လက်သုပ်တစ်ပွဲလျှင် ငွေကျပ် ၉၀၀ မှ ၁၀၀၀ ကျပ်အထိ ဖြစ်လာသည်။

ထားဝယ်မုန့်လက်သုပ်ချက်ရာတွင် အသုံးပြုသည့် မုန့်ဖတ်၊ ကြက်သွန်နီ၊ အချိုမှုန့်၊ ငါး စသည့်ပစ္စည်းများ ဈေးတက်လာသဖြင့် မုန့်လက်သုပ် ဈေးတက်ရခြင်းဖြစ်ကြောင်း တလိုင်းထိန်ရပ်ကွက် ကမ်းနားလမ်းဘက်ရှိ မုန့်လက်သုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မီးဆိုင်မှာ လူတိုင်းစားနိုင်အောင်ပေါ့နော်၊ အစက ၃၀၀ ရောင်းတာ၊ ကုန်ဈေးနှုန်းတက်လို့ ၄၀၀ ဖြစ်သွားတာ၊ ၄၀၀ ဖြစ်တာ အခု နှစ်ပတ်လောက်ပဲရှိသေးတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၈ ရက်(မနေ့က)နေ့က ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၄၂၀၀ အထိပေးဝယ်ရသည်ဟုလည်း ၎င်းက ဆိုသည်။

ဇူလိုင်လခန့်က ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၁၂၀၀ ကျော်ခန့်သာရှိသော်လည်း တဖြည်းဖြည်း ဈေးတက်ရာမှ ငွေကျပ် ၂၅၀၀ မှ ယခု စက်တင်ဘာ ပထမအပတ်တွင် တစ်ပိဿာ ၄၂၀၀ ကျပ်အထိ ဖြစ်လာသည်ဟု ဈေးကွက်အတွင်းက သိရသည်။

မုန့်လက်သုပ် ရိုးရိုးတစ်ပွဲလျှင် ငွေကျပ် ၁၀၀ ဈေးတက်လာပြီး (ငါးဥနှင့်) မုန့်လက်သုပ်မှာ တစ်ပွဲ ၂၀၀ ကျပ် ဈေးတက်လာသည်ဟု ထားဝယ်မြို့ခံအချို့က ပြောသည်။

ကိုဗစ်ကာလက မုန့်လက်သုပ်(ရိုးရိုး)တစ်ပွဲလျှင် ငွေကျပ် ၃၀၀ သာရှိသော်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တစ်ပွဲ ၄၀၀ ဖြစ်လာသည်။

ယခု ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မုန့်လက်သုပ်(ရိုးရိုး)တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာပြီး (ငါးဥ)ပါသည့် မုန့်လက်သုပ်မှာ ယခင် ၇၀၀-၈၀၀ ကျပ်မှ ယခု ၉၀၀-၁၀၀၀ ကျပ်ဖြစ်လာသည်ဟု ဒေသခံအချို့က ပြောသည်။

ကုန်ဈေးနှုန်းများ အားလုံးတက်နေသဖြင့် ခြိုးခြံချွေတာ စားနေရသည့်ကာလတွင် မုန့်လက်သုပ်ပါ ဈေးတက်လာသဖြင့် ချင့်ချိန်ပြီး စားနေရသည်ဟု သရက်ချောင်းမြို့ပေါ်ရပ်ကွက်တစ်ခုမှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်က တစ်ပွဲ ၃၀၀ ပဲ အခု ၄၀၀ ဖြစ်သွားပြီ၊ မုန့်လက်သုပ်က ဈေးလည်းတက်သွားတယ်။ နည်းလည်း နည်းနည်လေးပဲရတော့တယ်၊ အရင်က တစ်ပွဲစားရင် ဝပြီ၊ အခုက နှစ်လုတ်စာလောက်ပဲ ပါတော့ နှစ်ပွဲလောက်စားမှ ဝမ်းလေးတော့တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီးနောက် ထားဝယ်လူမျိုးများ စားသုံးနေသည့် မုန့်လက်သုပ်အပါအဝင် ဒေသအစားအစာများ ဈေးတက်သွားသည်။