နဘုလယ် လဲရှောင်ရွာသားတစ်ဦးပစ်သတ်ခံရ

0
346

ရေဖြူမြို့နယ် နဘုလယ် လဲရှောင်ရွာတွင် ယမန်နေ့(စက်တင်ဘာ ၈ ) ညနေပိုင်းက အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရသည်။

သေဆုံးသူမှာ လဲရှောင်ရွာသားဖြစ်ပြီး နအဖအစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးကြည်စိုးဆိုသူဖြစ်သည်။

ယင်းနေ့ညနေ ခြောက်နာရီခန့်က ဦးကြည်စိုးဆိုသူမှာ နေအိမ်ခြံဝင်းအတွင်း ရေချိုးနေစဉ် လက်နက်ကိုင်လူတစ်စုမှ လာရောက်ပစ်သတ် သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက ဦးခေါင်းတည့်တည့်မှာပါ ပြီးတော့ ညာဖက်လက် လက်ခလယ် တစ်ချောင်းပြတ်နေတယ် “ဟု ၎င်းကပြောသည်။

ယင်းကျေးရွာ၏ လက်ရှိအုပ်ချုပ်ရေးမှုးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ခြံရောင်း၊မြေရောင်း အရောင်းအဝယ်ကိစ္စရပ်များတွင် ဦးကြည်စိုးက အသိသက်သေအဖြစ် ဆောင်ရွက်ပေးလေ့ရှိကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခွင့်ကျထားသည့် ကျေးရွာစာသင်ကျောင်း တည်ဆောက်ရေးတွင်လည်း ရပ်ရွာသားတစ်ချို့နှင့် ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“သူက အုပ်ချုပ်ရေးမှုးလည်းလုပ်ဖူးတော့ အရောင်းအဝယ်ကိစ္စတွေမှာ ကူညီပေးနေတာတွေရှိတယ်။

ရွာအနေနဲ့ကတော့ သူကို အကောင်းမြင်တာများတယ်ပေါ့ တစ်ဖက်မှာကျတော့ သူဘာလုပ်လဲဆိုတာ မသိဘူး”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ဦးကြည်စိုးဆိုသူကို မည်သူက မည်သည့်အကြောင်းရင်ကြောင့် ပစ်သတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအမျိုးသား၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၀ ရက် မနက်ဖြန် တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။