အဝယ်နည်းပြီး အရောင်းများနေသည့် ထားဝယ်ဆိုင်ကယ်စျေးကွက်

0
1308

သွားလာရေးအတွက် ဆိုင်ကယ်သာအားပြုစီးနင်းကြသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ ဆိုင်ကယ်စျေးကွက်မှာ ရောင်းလိုသူများနေပြီး ဝယ်သူနည်းပါးနေသည်။

လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း အနည်းဆုံးရှိနေသည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများ၊ ဘတ်စျေးမြင့်မားမှုနှင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှုတို့မှာ ဆိုင်ကယ်စျေးကွက်ကို ရိုက်ခတ်မှုဖြစ်ပေါ်လာစေသည်။

တနင်္သာရီတိုင်းတွင် လူငယ်အများအပြားမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သွားခြင်းနှင့် ထိုင်းနိုင်ငံသို့ထွက်ခွာကာ အလုပ်သွားရောက် လုပ်ကိုင်ကြခြင်းတို့ကြောင့်လည်း ပိုနေသည့် ဆိုင်ကယ်များကို ပြန်ရောင်းလာကြသည်။

ထားဝယ်မြို့တွင်လည်း လူငယ်များ ထိုင်းသို့သွားရောက်ကြသဖြင့် အိမ်အချို့တွင် ဆိုင်ကယ်စီးမည့်သူ တစ်ဦးသာရှိသော်လည်း ဆိုင်ကယ် ၃ စီးခန့်ဖြစ်နေသဖြင့် ပြန်ရောင်းလိုသူများ ရှိနေသည်။

ဈေးကွက်အရွေ့

ထားဝယ်တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေသဖြင့် ဆိုင်ကယ်ရောင်းသူများမှာ အခြားတိုင်းနှင့်ပြည်နယ်သို့ရောင်းချသည့် ဈေးကွက်က ပိုမိုမှီခိုလာကြသည်။

ယခင်ကမူ တိုင်းပြင်ပကို ရောင်းချမှုနည်းပါးလှသော်လည်း တိုင်းအတွင်း အရောင်းအဝယ် ကျဆင်းနေသည့်အပြင် နယ်စပ်များမှ ဆိုင်ကယ်တင်သွင်းခွင့်ပိတ်ထား၍ အခြားတိုင်းနှင့် ပြည်နယ်များတွင် ဝယ်လိုအားရှိနေသောကြောင့် တိုင်းပြင်ပစျေးကွက်ကို အားပြုလာခြင်းဖြစ်သည်။

(ယ)နံပါတ်ရှိသည့် ဈေးနှုန်းအလယ်လတ်အတန်းအစားရှိ ဆိုင်ကယ်များကို မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့ကဲ့သို့သော မြို့များသို့ တင်ပို့ရောင်းချသူပိုများလာကြသည်။

အရောင်းအဝယ်လုပ်ရာတွင် အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် ဖေ့ဘုတ် မက်စင်ဂျာမှတစ်ဆင့် ဆိုင်ကယ်ဓာတ်ပုံပြကာ ရောင်းချကြသည်။

ဆိုင်ကယ်ဓာတ်ပုံကိုကြည့်ကာ ဈေးနှုန်းညှိနှိုင်းပြီး ဘဏ်မှတစ်ဆင့်ငွေလွှဲကာ ဆိုင်ကယ်ကို ခရီးသည်တင်ကားဖြင့် တင်ပို့ခြင်းဖြစ်သည်။

ထိုတိုင်းနှင့် ပြည်နယ်များက ၂၀၁၅ ခုနှစ်မှ ၂၀၁၇ အထိထုတ်လုပ်ထားသည့် ကလစ်(Click) အမျိုးအစားဆိုင်ကယ်ကို အများဆုံး ဝယ်ယူနေကြခြင်းဖြစ်သည်။

ယင်းကြောင့် ဆိုင်ကယ်ဝယ်ရောင်းများမှာ တိုင်းပြင်ပတွင် လူကြိုက်များသည့် ဆိုင်ကယ်အမျိုးအစားကို စျေးပိုပေးကာ ဝယ်ယူလာကြသည်။

“တိုင်းပြင်ပဈေးကွက်ရှိတဲ့ ကလစ်တစ်ခုပဲ အဓိကထားပြီး လိုက်ဝယ်တော့တယ်” ဟု ထားဝယ်မြို့ပေါ်ရှိ ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ပြောသည်။

ယင်းသို့ တင်ပို့မှုများနေသဖြင့် ထားဝယ်ဈေးကွက်တွင် အခြားဆိုင်ကယ်အမျိုးအစားများက ဈေးအပြောင်းအလဲနည်းသော်လည်း အထက်ပါဆိုင်ကယ်‌များက ဈေးအလှုပ်အခတ် များလာသည်။

အဆိုပါ ကလစ်ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ်သုံးသိန်းခန့်မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခင်က 2017ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၈ သိန်းနှင့် ၁၉ သိန်းဝန်းကျင် ဈေးပေါက်နေရာမှ လက်ရှိတွင် ၂၁ သိန်းအထိ ဝယ်နေရကြောင်း ဆိုင်ကယ်ဝယ်ရောင်းသမားအချို့က ဆိုသည်။

အခြားတိုင်းနှင့်ပြည်နယ်‌‌၏ ပေါက်ဈေးနှင့် ထားဝယ်ဒေသ၏ အထက်ပါဆိုင်ကယ်တစ်စီးပေါက်ဈေးမှာ အနည်းဆုံးကျပ် ၃ သိန်းခန့် ကွာဟသည်။

တန်ဖိုးမြင့် ဆိုင်ကယ်ကို‌ ဈေးအနိမ့်ဖြင့် ထုတ်ရောင်း

လက်ရှိတွင် မတည်ငြိမ်သည့် ထားဝယ်‌ဒေသ ကျေးလက်နေသူများက PCX နှင့် မော်ဒယ်မြင့်ကလစ်ကဲ့သို့‌သော ဆိုင်ကယ်များကို ဈေးအနိမ့်ဖြင့် ရောင်းချသူများလာခဲ့သည်။

ထားဝယ်ဒေသ၏ လက်ရှိပေါက်ဈေးထက် ကျပ် ၅ သိန်းခန့်အထိ ဈေးနိမ့်ပြီးရောင်းချနေခြင်းဖြစ်သည်။

လက်ရှိရှုပ်ထွေးနေသည့်အခြေအနေကြောင့် တန်ဖိုးကြီးဆိုင်ကယ်ကို လက်ဝယ်မထားရဲခြင်းကြောင့် ဈေးအနိမ့်ဖြင့် ပြန်ရောင်းသူများနေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေး အကျိုးဆောင်တစ်ဦးက ရှင်းပြသည်။

ထားဝယ်မြို့ရှိ အရောင်းဆိုင်အချို့တွင် ပျမ်းမျှ ၄၉ သိန်းခန့်ဖြင့်ရောင်းချနေသည့် 2019 ခုနှစ်ထုတ် PCXတစ်စီးလျှင် သိန်း ၄၀ အောက် ဈေးဖြင့် ရောင်းချလာခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံ ဟွန်ဒါကုမ္ပဏီထုတ် ဆိုင်ကယ်ကိုသာ ရောင်းဝယ်သုံးစွဲသူများပြီး တရုတ်နိုင်ငံထုတ်နှင့် ထိုင်းနိုင်ငံထုတ်Yamahaဆိုင်ကယ် စီးနင်းအသုံးပြုသူနည်းပါးသည်။

အရောင်းအဝယ် ပြန်လှုပ်

ယင်းအခြေအနေများကြောင့် ထားဝယ်ဈေးကွက်တွင် တစ်ပတ်ရစ်ဆိုင်ကယ်ဈေးကွက် အေးစက်နေရာမှ ယခုလဆန်းပိုင်းမှစကာ အရောင်းအဝယ်ပြန်ဖြစ်လာသည်။

ထားဝယ်မြို့တွင် ယခုနှစ် ဧပြီလမှစကာ ဆိုင်ကယ်အရောင်းအဝယ် သိသိသာသာ နည်းပါးသွားခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့ပေါ် တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းဆိုင်အချို့တွင် ယခင်က တစ်လလျှင် ဆိုင်ကယ်အစီးရေပျမ်းမျှ ငါးဆယ်ခန့် ရောင်းချရလေ့ရှိရာမှ ၂၀ ခန့်သာရောင်းရသည်အထိ အရောင်းအဝယ် ကျဆင်းခဲ့သည်။

အရောင်းအဝယ် နည်းပါးနေရာမှ စက်တင်ဘာလဆန်းတွင် ပြန်သွက်လာပြီး တစ်ရက်လျှင် တစ်စီး သို့မဟုတ် နှစ်စီးရောင်း‌နေရကြောင်း ထားဝယ်မြို့ပေါ်ရှိ ဆိုင်ကယ်တစ်ပတ်ရစ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယခုရောင်းအား ပြန်တက်လာသည်ဆိုသော်လည်း ယခင်နှစ်ရောင်းအားကိုမူ လိုက်မမီသေးဟု အဆိုပါ ဆိုင်ပိုင်ရှင်ကပြောသည်။

ကျပ်စျေးကျလည်း ဆိုင်ကယ်စျေးမရ

လက်ရှိတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းကြောင့် ထိုင်းဘတ်ငွေလဲလှယ်နှုန်းထားလည်း မြင့်တက်နေသည်။

ထားဝယ်ဈေးကွက်ရှိ ဆိုင်ကယ်အားလုံးနီးပါးမှာ ထိုင်းနိုင်ငံထုတ် Honda အမှတ်တံဆိပ်များဖြစ်သည်။

လက်ရှိတွင် ထိုင်းဘတ်ငွေနှင့် မြန်မာငွေလဲနှုန်း မြင့်တက်နေသော်လည်း တစ်ပတ်ရစ်ဆိုင်ကယ် အများစုမှာ သိသိသာသာ ဈေးတက်ခြင်းမရှိပေ။

ဆိုင်ကယ်ထုတ်လုပ်သည့်မော်ဒယ်၊ အမျိုးအစားနှင့် အင်ဂျင်နှင့် ကာဗာ ကောင်းမွန်မှုအပေါ်မူတည်ကာ ကျပ်ငါးသောင်းနှင့် ငွေကျပ်တစ်သိန်းဝန်းကျင်သာ ဈေးတက်ခဲ့သည်။

လက်ရှိတွင် ဝယ်လိုအားနည်းနေသေးသည့်အတွက် ဆိုင်ကယ်ဈေးတက်သင့်သ‌ေလာက် မတက်ခြင်းဖြစ်နိုင်ကြောင်း နှစ်ဆယ်ချီကြာ ဆိုင်ကယ်အကျိုးဆောင် (ပွဲစား)လုပ်ခဲ့သူတစ်ဦးက ဆိုသည်။

“အရောင်းအဝယ်ကတော့ အရင်အချိန်နဲ့ယှဉ်ရင် တော်တော်လေးကို နည်းတယ်”ဟု ၎င်းက ပြောသည်။

ယခင်တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၆၀ ခန့်ပေါက်စဉ်က ၂၀၂၂ မော်ဒယ် PCX ဆိုင်ကယ်တစ်စီ၏ စျေးမှာ ကျပ်သိန်း‌ ၇၀ ကျော်ရှိခဲ့သည်။

ယခု တစ်ဘတ်လျှင် ကျပ် ၉၀ ကျော်ပေါက်ချိန်တွင်လည်း ယင်းဆိုင်ကယ်စျေးမှာ တက်လာခြင်းမရှိဘဲ ၇၅ သိန်းဝန်းကျင်သာ စျေးရကြောင်း လက်ရှိငွေစျေးအရဆိုပါက ကျပ်သိန်း ၁၀၀ ကျော်ခန့်အနည်းဆုံး ‌ပေါက်ရမည်ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများကဆိုသည်။

လက်ရှိတိုင်းပြည်က ကြုံတွေနေရသည့် အထွေထွေအကျပ်အတည်းနှင့် ပဋိပက္ခများကြောင့် ထားဝယ်ဆိုင်ကယ် စျေးကွက်မှာ ပြန်ကောင်းလာဖွယ် မရှိကြောင်း ဆိုင်ကယ်ရောင်းဝယ်သူများက သုံးသပ်နေကြသည်။

“အရင်နှစ်လိုတော့ ရောင်းရမှာ မဟုတ်ဘူးထင်တယ်။ လူတွေကလည်း စီးပွားရေးကျပ်တည်း‌ နေကြပြီလေ”ဟု ဆိုင်ကယ်အရောင်းဆိုင်ရှင် တစ်ဦးကသုံးသပ်သည်။