ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်

0
521

ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပင်လယ်ထဲတွင် ကိုယ်ပေါ်ရုံ ဖော့လုံးများ ကိုင်ဆောင်ထားကာ မျောပါနေကြခြင်းဖြစ်ပြီး ၎င်းတို့မှာ မောပန်းနေကြပြီ ဖြစ်ကြောင်း ရေးသားထားသည်။

၎င်းတို့ကို ငါးဖမ်းသမားများက ပါ့နမ်ဒေသရှိ ကမ်းခြေတစ်ခုသို့ ခေါ်ဆောင်လာခဲ့ကာ ထိုင်းအာဏာပိုင်များက အစားအစာနှင့် ရေကို ကူညီပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်လာသူများဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့သွားရန် လှေငယ်တစ်စီးဖြင့် ထွက်ခွာလာကြစဉ် ပင်လယ်ထဲ မုန်တိုင်းကြုံတွေ့ရာ လှေပေါ့ရန်အတွက် ၎င်းတို့ ၁၀ ဦးမှာ တွန်းချခံခဲ့ရကြောင်း ဘာသာပြန်များမှ တစ်ဆင့် ထိုင်းအာဏာပိုင်များသို့ ပြောကြားသည်။

စတုန်ရေကြောင်းလုံခြုံရေးအဖွဲ့က အနီးအနားကို လိုက်လံစစ်ဆေးရာတွင် ထုန်းဝဒေသ ကော့ကလွေ့ယ်ကျွန်းပေါ်၌ နောက်ထပ် ရိုဟင်ဂျာ ၄၁ ဦး (အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၈ ဦး၊ ကလေး ၂ ဦး) ကို တွေ့ရှိခဲ့ပြီး အားလုံးမှာ မောပန်းနွမ်းနယ်နေကြကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ကို အစားအစာနှင့် ရေများ ကျွေးမွေးခဲ့ပြီးနောက် လှေဖြင့် ကမ်းခြေသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြ သည်။

လက်ရှိတွင် ၎င်းတို့ကိုလည်း ဇွန်လ ၄ ရက်နေ့က ကော့ဒွန်းကျွန်းတွင် တွေ့ရှိခဲ့သော ရိုဟင်ဂျာ ၅၉ ဦးထားရှိသည့် ယာယီထိန်းသိမ်းရေးစခန်းတွင် ထားရှိထားကြောင်း လန်ဂူးရဲတပ်ဖွဲ့က ပြောကြားထားသည်။

“မြန်မာအစိုးရက လက်မခံတော့ ရိုဟင်ဂျာလို့ ပြောလိုက်ပြီဆိုရင်က ပြန်ပို့ရခက်သွားပြီ။ အဲတော့ ဒီက ထိန်းသိမ်းရေး စခန်းတွေမှာ အချိန်တွေ ပိုကြာသွားနိုင်တယ်။ အခုတော့ ရိုဟင်ဂျာတွေ ထိန်းသိမ်းတဲ့စခန်းမှာထားတားတယ် ကြား တယ်” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ဆိုသည်။

စက်တင်ဘာလ ၆ရက် နေ့လယ် ၁၂ နာရီခန့်တွင်လည်း တရမ်းခရိုင်ရှိ မြစ်ထဲတွင် ဆီကုန်ကာ မျောနေသည့် စက်လှေ တစ်စီးကို ထပ်မံတွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ခြောက်ဦးတို့ကို တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းလှေသည် လူ ၆၀ ခန့်ကို ပို့ဆောင်ပြီးအပြန်တွင် ဆီကုန်သွားခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းများတွင် ရေးသားထားသည်။

ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၀ဦး၊ ကျွန်းပေါ်ရှိ ရိုဟင်ဂျာ ၄၁ ဦးနှင့် အထက်ပါလှေအဖွဲ့မှာ အတူတူလာခြင်း ဟုတ်မဟုတ်၊ လူကုန်ကူးခံရခြင်း ဟုတ်မဟုတ်၊ လှေပေါ်မှ တွန်းချခဲ့ခြင်း ဟုတ်မဟုတ်တို့ကို ထိုင်းအာဏာပိုင်များက ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းမှတစ်ဆင့် ထွက်ပြေးလာပြီး တတိယ နိုင်ငံသို့ သွားရောက်ရန် ဖြစ်နိုင်ကြောင်း ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ Lt. Gen. Karnakorn Monthatpalin က ပြောကြားထားသည်။