ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးဟုဆို

0
244

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးပြီး ပျူစောထီးနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့နံက် ၅ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပဲ့ဒိုင်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်(ခေါ်)ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ရွာသားများ ကပြောသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ပျူစောထီး ဒုခေါင်းဆောင် မြဝမ်းနှင့် ကျေးရွာတာဝန်ခံ အိုနီဒီးဒူ  ဆိုသူ နှစ်ဦးသေဆုံးပြီး နောက်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

“အိုနီဒီးဒူ ဆိုတာနာမည်ကြီးပဲ ဒီနားတစ်ကြော အကုန်သိကြတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

အဆိုပါတိုက်ခိုက်မှု၊ သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း လတ်တလော ထုတ်ပြန်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပြီးနောက် ထိတ်လန့်နေသည့်ရွာသားများမှ ယနေ့နံနက်တွင် စျေးဆိုင်တစ်ချို့ကို ပိတ်ထားပြီး အထုတ်အပိုးများလည်း ပြင်ဆင်နေကြသည်ဟု ဒေသခံများ ကပြောသည်။

“ပဲ့ဒိုင်အထက်က သဇင်တစ်ရွာလုံးလည်း ထိန့်လန့်ပြီး စျေးဆိုင်တွေ ပိတ်နေကြတယ်လို့ ကြားရတယ်”ဒေသခံ အမျိုးသား ကပြောသည်။

ပဲ့ဒိုင်ကျေးရွာသည် လက်ရှိတိုက်ပွဲဖြစ်နေသည့် လယ်သစ်ကျေးရွာ အောက်ဖက်တွင်တည်ရှိပြီး ပျူစောထီးခေါ် ပြည်သူ့စစ် အားကောင်းသည့် ကျေးရွာဖြစ်သည်။

ယင်းရွာတွင် အိမ်ခြေနှစ်ရာနီးပါးရှိကာ အများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကြကြောင်း ဒေသခံများထံမှသိရသည်။