ထားဝယ်တွင် ဆားဈေး ၂၀၀ ခန့်ထပ်တက်

0
346

ထားဝယ်တွင် ဆားဈေး ကျပ် ၂၅၀ ခန့်ထပ်တက်လာကြောင်း သရက်ချောင်းမြို့နယ်မှ ဆားချက်တောင်သူအချို့က ပြောသည်။

ယခုနှစ် မေလ နွေရာသီက မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၅၀၀ ခန့်သာရှိသော်လည်း ယခု စက်တင်ဘာလတွင် တစ်ပိဿာ ၇၅၀ ကျပ်ခန့်အထိဖြစ်လာသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာမှ ဆားချက်တောင်သူ မမြင့်စန်းက ပြောသည်။

“ဆားကလည်း မရှိဘူး၊ တခြားကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတယ်၊ ကိုယ်က ၅၀၀ ဈေး၊ ၆၀၀ ဈေးနဲ့ရောင်းထုတ်လိုက်လည်း အခုက ဆီဘူးတစ်လုံးဖိုးပဲ ရတာကိုး၊ အဲတော့ ကိုယ့်မျှတည်း(ကိုယ်တစ်ယောက်တည်း) သက်သာနေလည်း မရဘူးလေ၊ ခုက ချည်ပေါင်ရွက်၊ ကန်စွန်းရွက်ကအစ ဈေးကတက်နေတော့ ကိုယ့်ဘက်ခြမ်းကလည်း အဆင်ပြေသလိုမျိုး တက်ရတာပဲ” ဟု ၎င်းကဆိုသည်။

နယ်ဘက်ခြမ်းတွင် ထိုင်းနိုင်ငံထုတ် စားသုံးဆီ (ပဲပိစပ်ဆီ) တစ်လီတာလျှင် ငွေကျပ် ၇၀၀၀ ကျော်ခန့်ရှိနေပြီဖြစ်ပြီး ဆားပိဿာချိန် ၁၀ ရောင်းပါကလည်း စားသုံးဆီ တစ်လီတာဖိုးပင်မရဖြစ်နေသည်ဟု မမြင့်စန်းကပြောသည်။

မီးချက်ဆားမှာ ယခင်က တစ်ပိဿာ ၄၀၀ ကျပ်ခန့်သာရှိပြီး နွေရာသီတွင် တစ်ပိဿာ ၃၈၀ ကျပ်သာရှိသည်ဟု ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

“အခုက စက်သုံးဆီဈေးတက်တာနဲ့ လာမယ့်နှစ် ထုတ်လုပ်စရိတ်နဲ့ပြန်တွက်ပြီးတော့ အဲလောက်ပြန်တင်လိုက်ရတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။

ထားဝယ်ဈေးကွက်တွင် နေလှန်းဆားတစ်ပိဿာ ငွေကျပ် ၆၀၀ ဖြစ်နေပြီး မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၈၀၀ ခန့်ရှိကာ မြိတ်မြို့နယ်တွင် ဆား တစ်ပိဿာ ၉၀၀ ကျပ်အထိဖြစ်နေသည်။

တနင်္သာရီတိုင်းတွင် ဒေသထွက်ဆားကို အိမ်သုံးဆားအဖြစ် ချက်ပြုတ်ရာတွင် အသုံးပြုသည့်အပြင် ငါးပိ၊ ငါးခြောက်လုပ်သူများကလည်း လုပ်ငန်းသုံးအဖြစ် အသုံးပြုကြသည်။

ပြီးခဲ့သည့် နွေကာလက ဆားချက်လုပ်ရာတွင် ရာသီဖျက်မိုးကြောင့် ဆားထွက်ရှိမှု လျော့နည်းခဲ့သည့်အပြင် မိုးကျစောသဖြင့်လည်း ဆားကွင်းများ ဧပြီလကုန်ခန့်ကပင် ပိတ်သိမ်းခဲ့ရသည်။

တနင်္သာရီတိုင်းတွင် ဒေသထွက်ဆား လုံလောက်မှုမရှိသဖြင့် မော်လမြိုင်နှင့် ဧရာဝတီဘက်မှ ဆားများကို တင်သွင်းရပြီး ထိုင်းနိုင်ငံမှ ဆားလည်း တနင်္သာရီတိုင်းတွင် အသုံးပြုကြသည်။