မြန်မာလုပ်သား လေးဦးသေဆုံးမှုတွင် ထိုင်းပွဲစား နှစ်ဦးကိုဖမ်းမိ၊ မြန်မာပွဲစား မမိသေး

0
403

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားမှောက်သဖြင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို စွန့်ပစ်ခဲ့သော ထိုင်းပွဲစား နှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၅ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စန်ခရာဘူရီဒေသ နောင်လူရွာရှိ ဘုရားသုံးဆူ-စန်ခရာဘူရီ အမှတ် ၃၂၃ လမ်းမကြီးတွင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို တင်ဆောင်လာသည့် ကားတစ်စီး လမ်းဘေးမြောင်းထဲတိမ်းမှောက်ရာ မြန်မာအလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် ကားသမားသည် သေဆုံးဒဏ်ရာရရှိနေသော မြန်မာအလုပ်သမားများကို တစ်စုံတစ်ရာ ကူညီမှုမရှိဘဲ အခြားပစ်ကပ်ကားတစီးက လာရောက်ခေါ်ယူသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ မြန်မာအလုပ်သမားများကို ပို့ဆောင်ရာတွင် အသက် ၂၂နှင့် ၂၃ နှစ်အရွယ် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် အသက် ၁၉နှစ်အရွယ် မောင်စန်းထွန်းအမည်ရှိ မြန်မာနိုင်ငံသားတို့ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ကို ဝရမ်းထုတ်ဖမ်းဆီးရာ ထိုင်းပွဲစားနှစ်ဦးဖြစ်သူ Mr Chadet နှင့် Mr Thaweesak တို့နှစ်ဦးကို စန်ခရာဘူရီ ဒေသတွင်ပင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာပွဲစားသည် မြန်မာနိုင်ငံသို့ ထွက်ပြေးသွားကြောင်း ထိုင်းပွဲစားနှစ်ဦး၏ ထွက်ဆိုချက်ကို ဖော်ပြထားသည်။

၎င်းတို့သည် ကားမှောက်ချိန်တွင် သေဆုံးဒဏ်ရာရရှိသော မြန်မာအလုပ်သမားများကို အကူညီမပေးသည့်အပြင် သက်ဆိုင်ရာအာဏာပိုင်များထံသို့လည်း ချက်ချင်းအကြောင်းမကြားဘဲ ထွက်ပြေးသွားခဲ့သူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကားမှောက်မှုတွင် သေဆုံးခဲ့သော မြန်မာအလုပ်သမားများအတွက် နစ်နာဆုံးရှုံးမှု လျော်ကြေးခံစားခွင့်ရရှိစေရန် သေဆုံးသူ၏ ဆွေမျိုးများအနေဖြင့် အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက အကြံပြုသည်။

“သေဆုံးသူတွေက အထောက်အထားရှိရှိမရှိရှိ နစ်နာကြေးခံစားခွင့်ရှိတယ်။ တရားမျှတမှုတရားရုံးကနေ တောင်းဆိုတဲ့ အချက်အလက်တွေတော့ ပြည့်စုံအောင် ပြင်ဆင်သင့်တာပေါ့။ အရင်က ကိစ္စတွေမှာ သံရုံးက ဝင်လုပ်ပေးတာရှိတယ်ဆိုတော့ သံအရာရှိတွေက တာဝန်ယူဆောင်ရွက်ပေးတာအကောင်းဆုံးပဲ” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရာရှိရုံးက သေဆုံးထိခိုက်ခဲ့သည့် မြန်မာအလုပ်သမားများအတွက် လျော်ကြေးရရှိရန် မိသားစုနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောဆိုသည်။

“မိသားစုဝင်တွေနဲ့ ဆက်သွယ်တော့ရှိတယ်။ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးနေတယ်။ အာမခံလျော်ကြေးကိစ္စနဲ့ ပက်သက်လို့က လောလောဆယ် မသိသေးဘူး” ဟု ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးမိသော ထိုင်းနိုင်ငံသား ပွဲစားနှစ်ဦးကို အလုပ်သမားများ တရားမဝင် ဝင်ရောက်မှုအား ကူညီပို့ဆောင်မှု၊ မဆင်မခြင် မောင်းနှင်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် အကူအညီမပေးဘဲ ထွက်ပြေးမှုတို့ဖြင့် တရားစွဲမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထွက်ပြေးလွတ်မြောက်သွားသော မြန်မာပွဲစားကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးနိုင်ရေး ကန်ချနဘူရီလူဝင်မှုကြီးကြပ်ရေးရုံးနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Matichon Online, MGR ONLINE