ထိုင်းဓါတ်မြေဩဇာ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်ကြုံ

0
276

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုလဲဓါတ်မြေဩဇာများ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

တောင်သူများနှစ်စဉ် ဝယ်သုံးနေကျ ထိုင်းနိုင်ငံထုတ် ပုလဲဓါတ်မြေဩဇာ တစ်အိတ် ပြီးခဲ့သည့်နှစ် စပါးစိုက်ချိန်က ကျပ်လေးသောင်းခွဲသာရှိရာမှ ယခုနှစ်စပါးစိုက်ချိန်တွင် ကျပ်တစ်သိန်းခွဲအထိ မြင့်တက်လာသည့်အတွက် ဝယ်မသုံးနိုင်ကြတော့ကြောင်း တောင်သူများက ပြောသည်။

“ဈေးကြီးလို့ ဝယ်မသုံးကြတော့ဘူး။ ထွက်ချင်သလောက်ထွက် ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်” ဟု မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။

လက်ရှိပျိုးပင် နှစ်လသားအရွယ်ရောက်နေပြီး ဓာတ်မြေဩဇာဈေးကြီးသဖြင့် မကျွေးနိုင်သေးကြောင်း မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာနေ တောင်သူတစ်ဦးကလည်း ပြောဆိုသည်။

“(ဓာတ်မြေဩဇာ) အစာမထည့်ဘဲ ထားလို့လည်းမရ။ ကြံရင်းဖန်ရင်း နောက်ဆုံး ပြည်တွင်းထုတ်နဲ့ ရောပြီး စမ်းသုံးကြည့်မယ်လို့ စဉ်းစားတယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းက ထုတ်သည့် ဓါတ်မြေဩဇာတစ်အိတ်ကျပ်လေးသောင်း ဝန်းကျင်သာရှိပြီး တောင်သူအများစုက မကြိုက်ကြသော်လည်း မတတ်နိုင်သည့်အဆုံး ဝယ်သုံးနေကြသည်ဟု ၎င်းတို့က ပြောပြသည်။

“တချို့က ယိုးဒယားဓါတ်မြေဩဇာနဲ့ မြန်မာထုတ်တဲ့ဟာနဲ့ ရောပြီးသုံးနေကြတယ်။ စပါးအထွက်တော့ ဘယ်လို လာမယ်တော့ မသိဘူး” ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

ဓါတ်မြေဩဇာဈေးကြီးသဖြင့် တောင်သူအချို့မှာ ငါး၊ တင်လဲရေ (သို့) ဓနိပျားရည်၊ အရွက်ဖြန်း ဆေးရည် EM ကို ဆတူရောမွှေကာ ၄၅ ရက်ထားပြီးနောက် လယ်နှင့် ရော်ဘာခြံများတွင် ဓာတ်မြေဩဇာအဖြစ် အသုံးပြုလာသူများလည်း ရှိလာကြောင်း ၎င်းတို့ထံမှသိရသည်။

ယခုနှစ်မိုးစပါးစိုက်ချိန်တွင် စက်သုံးဆီဈေး၊ ဓါတ်မြေဩဇာဈေး အပါအဝင် အထွေထွေ သွင်းအားစုများ အဆမတန် မြင့်တက်လာသည့်အတွက်ကြောင့် ကုန်ကျစရိတ်များပြီး လာမည့်ရိတ်သိမ်းချိန်တွင် အရှုံးပေါ်မည်ကို တောင်သူများ စိုးရိမ်နေကြသည်။

“ရွှံ့ဒူးလောက်ကျွံအောင်လုပ်ရပြီး အရှုံးပေါ်တဲ့ တောင်သူဘဝဖြစ်ရတာ တော်တော်ကို ဝမ်းနည်းစရာကြီးပါ” ဟု
ကံပြင်ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

မြိတ်မြို့နယ်ရှိ လယ်တစ်ဧက စပါးထွက်နှုန်း အနည်းဆုံး တင်းငါးဆယ်နှင့် အများဆုံးတင်းရှစ်ဆယ်အထိ ပုံမှန်ထွက်လေ့ရှိကြောင်း လယ်သမားများထံမှ သိရသည်။

မြိတ်မြို့နယ်တွင် မိုးစပါးစိုက်သည့် လယ်ဧက လေးသောင်းကျော်ရှိပြီး တောင်သူသုံးထောင်ခန့်ရှိကြောင်း မြို့နယ်လယ်ယာနှင့် စိုက်ပျိုးရေးဉီးစီးဌာန စာရင်းအရသိရသည်။