ထားဝယ်-ထီးခီးလမ်းပိုင်းကို တစ်လပိတ်၊ မသင်္ကာဖွယ်ရာများကို ပစ်ခတ်မည်ဟုသတိပေး

0
666
ထီးခီးနယ်စပ်တစ်နေရာ။

ထားဝယ်-ထီးခီး အရှေ့တောနယ်လမ်းပိုင်းကို တစ်လပိတ်လိုက်ပြီး မသင်္ကာဖွယ်ရာများအားလုံးကို ပစ်ခတ်ရှင်းလင်း မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ယနေ့ (စက်တင်ဘာ ၆) သတိပေးစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ လမ်းကြောင်းကို စက်တင်ဘာ ၆ ရက်မှစတင်ကာ အောက်တိုဘာ ၅ ရက်နေ့အထိ တစ်လပိတ်မည်ဖြစ်ပြီး နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ထုတ်ပြန်ထားသည်။  

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသူဟုယူဆပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာထိခိုက်လျှင် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် Kaw Thoo Lei Army ဆာကဆောတပ်မဟာတို့က ပစ်ခတ် ရှင်းလင်းမည်ဟု သတိပေးထားသည်။

ယခုအခါ ထားဝယ်အရှေ့တောနယ်မြေနှင့် ထားဝယ်-ထီးခီး လမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီက နယ်မြေရှင်း လင်းမည့် အခြေအနေမျိုးတွေ့လာရသဖြင့် ယင်းလမ်းပိုင်းကို ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင်ပင် ထားဝယ်အရှေ့တောနယ် ဘဝပင်ရွာအနီး ကျောက်သေတ္တာတောင်အလယ်ပိုင်းတွင် ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းကြောင်းမှာ ထိုင်း-မြန်မာ ကုန်သွယ်ရေးလုပ်ကိုင်သည့် လမ်းကြောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်သူများကို ပို့ဆောင်နေသည့်လမ်းကြောင်းလည်း ဖြစ်သည်။

ဒေသခံတို့ တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာ‌‌ရန် အသုံးပြုနေရသည့် လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။

ထိုလမ်းကြောင်းကို ဧပြီလခန့်ကပင် အသုံးပြုသွားလာခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။