ထိုင်းတောနက်ထဲတွင်စွန်ပစ်ခံ တရားမဝင်မြန်မာလုပ်သား ၂၄ဦး ဖမ်းဆီးခံရ

0
348

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တောနက်ထဲတွင် ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာအလုပ်သမား ၂၄ဦးကို ယနေ့ (ဩဂုတ်လ ၂၉) နံနက်ပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်သည်။

မဲရမတ်ဒေသရှိ တောနက်ထဲတွင် အလင်းရောင်ကဲ့သို့သော မီးအရောင်တစ်ခုကို တွေ့မြင်ရသဖြင့် ထိုင်းတာဝန်ရှိသူ များက သွားရောက်စစ်ဆေးရာတွင် အိပ်ပျော်နေသော မြန်မာအလုပ်သမား ၂၄ဦးကိုတွေ့ရှိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၃ဦးတို့ ပါဝင်ကြပြီး ပွဲစားက ကားဖြင့် လာခေါ်မည်ဟုပြောသည်ကို စောင့်နေကြသော်လည်း လာခေါ်မည်ဟု ပြောဆိုထားခဲ့သောအချိန်ပြည့်သည်အထိ လာခေါ်ခြင်းမရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

၎င်းတို့သည် ရန်ကုန်၊ မြဝတီ၊ တောင်ငူ၊ မော်လမြိုင်၊ ပုသိမ်၊ ပဲခူး၊ ရခိုင်၊ နေပြည်တော် စသော မြို့အသီးသီးမှ လာရောက်ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြစ် ဝင်ရန်အတွက် မြဝတီမြို့တွင် ဆုံကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ညလယ်ချိန် မိုးရွာထဲတွင် မြန်မာနိုင်ငံနယ်စပ်မှ လှေဖြင့် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ကြခြင်း ဖြစ်ပြီး ထိုင်းဘက်ရှိစောင့်နေသော ပွဲစားတစ်ဦးက လမ်းခရီးအရှည်ကြီးကို ခြေလျင်ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် ဘန်ကောက်မြို့အနီးတဝိုက်တွင် အလုပ်လုပ်ရန်ရည်ရွယ်ထားပြီး အဆိုပါခရီးအတွက် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပေးရမည်ဖြစ်သည်ဟုဆိုသည်။

အချို့မှာ ငွေကြေးပေးထားပြီးဖြစ်ကာ အချို့မှာ ခရီးရောက်မှ ပေးချေရမည်ဖြစ်သည်ဟုလည်း ဖော်ပြသည်။

သို့သော် ပွဲစားက ဘန်ကောက်သို့ ပို့ဆောင်ပေးမည်ဟုပြောကာ ထွက်သွားခဲ့ပြီး မြန်မာအလုပ်သမားများမှာ တောထဲ တွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများသည် မောပန်းနေသဖြင့် ထိုင်းအာဏာပိုင်များမှ အစားအစာနှင့် ရေကို ကျွေးမွေးခဲ့ပြီး တောနက်ထဲမှ ခေါ်ဆောင်လာခဲ့ကာ မဲရမတ်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

တရားမဝင် မြန်မာအလုပ်သမားများကို ထိုင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး စွန့်ပစ်သွားခဲ့သော ထိုင်းပွဲစားကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ရာတွင် ယခုဩဂုတ်လအတွင်း ကားတိုက်မှု ၂ ကြိမ်ကြောင့် မြန်မာအလုပ်သမား ရှစ်ဦး သေဆုံးခဲ့သည်။

Ref: Royal Thai Army, Khoasod Online